Saturday, 27 September 2008

ဆရာဆိုတာ


(မြန်မာပညားရေးဘလော့ဂ်မှာ ဖတ်လိုက်ရတဲ့ ဆရာမဂျစ်တူးရဲ့ ဆောင်းပါးကို ဝေမျှလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်ရှိလုပ်နေတဲ့ ရည်ရွယ်ချက်တွေအတွက် တစိတ်တပိုင်း အကျိုးရှိလိမ့်မယ်လို့ ယူဆပါတယ်။ ဆရာဆရာမတွေကိုလည်း ပြန်လည်အမှတ်ရစေပါတယ် လို့ထင်ပါတယ်။)



(၁)
"Excuse me, are you Mr. xxx from xxx Secondary School?"
"Yes, I am. You are xxx! Right? You have not changed much."
တနေ့သောစနေမနက်ခင်းမှာ အိမ်နားစျေးဝယ်ထွက်တုန်း အလယ်တန်းကျောင်း နောက်ဆုံးနှစ်နှစ်မှာ အတန်းပိုင်ဆရာဖြစ်ခဲ့သူနဲ့ ပြန်ဆုံလိုက်ရတော့ အတိုင်းထက်အလွန် ၀မ်းသာသွားမိတယ် ။ သူ နဲ့ အဆက်အသွယ်အပြတ်နေခဲ့တာ ကျွန်မ ဘွဲ့ရပြီးတည်းကဆိုတော့ နှစ်တွေကြာနေပြီပေါ့ ။ ဒါနဲ့ပဲ သူနဲ့အတူပါလာတဲ့ သူ့ဇနီးကလည်း မြန်မာကျောင်းသူတယောက်တည်းဖြစ်ခဲ့တဲ့ ကျွန်မကို အမှတ်တရနဲ့ စကားတွေဆက်ပြောဖြစ်ခဲ့ကြတယ် ။

အဲဒီဆရာက ကျွန်မတို့ batch အောင်အပြီး နောက် တနှစ်လောက်ကြာတော့ ၊ ပညာရေးဌာနကို ခဏပြောင်းလုပ်ပြီး ၊ လွန်ခဲ့တဲ့ လေးနှစ်လောက်က ကျွန်မတို့ကျောင်းအဟောင်းကို ပြန် ပြောင်းလုပ်တဲ့အခါ တွေ့ ရတဲ့ အတွေ့အကြုံအကြောင်း ပြောဖြစ်ကြတယ်။ "ခုခေတ် ကလေးတွေကလေ မင်းတို့တုန်းကနဲ့ လုံးဝမတူတော့ဖူး ။ ဆရာကို ဆရာလို ရိုသေရမှန်းမသိ ။ ဂလန်ဂဆန် သိပ်လုပ်ကြတယ် ။ ဆရာ ဆရာမတွေကို နည်းပေးလမ်းပြ ညွှန်ကြားပေးသူတွေအစား ၊ သူတို့ ကျောင်းလခပေးထားလို့ အလုပ်ရနေသူတွေလို ဆက်ဆံတတ်ကြတယ် ။ အထူးသဖြင့် မိဘတွေက ပိုဆိုးသေး ။ သူတို့ကလေးမှားမှန်းသိတာတောင် ငါ့ကလေးက အဲလိုပဲ ကာရိုက်တာဖြစ်နေလို့ သည်းခံပေးပါတို့ ၊ ငါတို့လည်း ငါတို့ကလေးကို ထိန်းမရလို့ မင်းထိန်းပေးပါလုပ်ကြသေးတယ် ။


မင်းတို့ခေတ်တုန်းက ကျောင်းသားတွေနဲ့များ သိပ်ကွာတာပဲ ။ ဟိုတလောက မင်းတို့ရဲ့ စီနီယာ တနှစ်က ကျောင်းသားဟောင်းတွေ ကျောင်းမှာ ဆရာကန်တော့ပွဲလုပ်တော့ ၊ စကားပြောတာတောင် ဆရာတွေဘေးမှာ ဒူးလေးထောက်ပြီး ပြောကြတယ် ။ မတ်တပ်ရပ်ပြီး ဆရာတွေကို အပေါ်စီးကနေ ကြည့် မပြောချင်ကြလို့ ။ အဲဒီကျောင်းသားတွေက တကယ့် လစာကောင်းတဲ့အလုပ်တွေနဲ့ ဖြစ်နေကြတာအပြင် ၊ တချို့ဆို အနောက်နိုင်ငံတွေကနေတောင် တကူးတကပြန်လာပြီး ဆရာကန်တော့ပွဲကို တက်ကြတာ ။ ငါဆို သူတို့ ဆက်ဆံပုံကိုကြည့်ပြီး ဘေးနားက ၀မ်းသာပီတိ မျက်ရည်ဝဲရတယ် ။"

ဆရာ့မိန်းမက သူ့ယောက်ျားကိုယ်စား ကျွန်မကို အထက်ပါအတိုင်း စီကာပတ်ကုံး ပြောပြခဲ့တယ် ။ အနေအေးတဲ့ ဆရာကတော့ သူ့ဝသီ အတိုင်း ခပ်ပြုံးပြုံးနဲ့ စကားသိပ်မပြောပေမယ့် ၊ ကျွန်မနဲ့ ခုလို ပြန်တွေ့ရတာ ၊ ခုလို ကျွန်မက သူ့နောက်ကနေ တကူးတက သူ့ကို လိုက်ခေါ် နှုတ်ဆက်တာအတွက် ၀မ်းသာနေပုံကတော့ သူ့ မျက်နှာမှာ အထင်းသားမြင်နေရတယ် ။ O-Level ဖြေခါနီးတုန်းက ညဘက် စာကျက်တာများလို့ အတန်းထဲမှာ ငိုက်မိခဲ့တဲ့ ကျွန်မကို အတန်းထဲ မဆူဘဲ ၊ မုန့်စားဆင်းချိန်တချိန်မှာ အနားခေါ်ပြီး ၊ ပြဿနာများရှိလို့လားလို့ စိတ်ပူစွာမေးခဲ့တုန်းက သူ့မျက်နှာပေါ်မှာ မြင်ခဲ့ဖူးတဲ့ ဆရာတယောက်ရဲ့ စေတနာမျိုးလည်း ခုထိ သိသိသာသာ မြင်နေရတယ် ။ "မင်းတတ်ထားတဲ့ အင်ဂျင်နီယာဒီဂရီက ငါသင်နေတဲ့ သိပ္ပံဘာသာတွေထက် အများကြီး ခက်တာပေါ့" လို့ ဆရာကပြောပေမယ့် ၊ ကျွန်မစိတ်ထဲမှာတော့ ကျွန်မတို့ရဲ့ မေးခွန်းတိုင်းကို ဖြေခဲ့တဲ့ ဆရာ့ရဲ့ ကျွမ်းကျင်တတ်မြောက်မှုတွေကို ခုချိန်ထိ လေးစားမိနေတုန်းပဲ ။ လွန်ခဲ့တဲ့ ၁၄ နှစ်နီးပါးက ဆရာဖြစ်ခဲ့တဲ့ ဆရာ့ရဲ့ ရှေ့မှာ ကျွန်မဟာ အဲဒီအချိန်က ဆယ်ကျော်သက်လေး တယောက်လို ပြန်ခံစားလိုက်ရတယ် ။

ဆရာရဲ့မိန်းမပြောသလို ခုခေတ်ကလေးတိုင်းရဲ့ ဆရာတွေအပေါ် ထင်မြင်ချက်ဟာ မဆိုးဝါးပေမယ့် ၊ အနည်းနဲ့အများတော့ အဲလို ရှိနေတယ်ဆိုတာ မငြင်းနိုင်တဲ့အချက်တခုပဲ ။ ဆရာသမားကို ရိုသေကိုင်းရှိုင်းတတ်အောင် သွင်သင်ဆုံးမတာမဟုတ်ဘဲ ၊ သူတို့သားသမီးကိုပဲ အလိုလိုက်တတ်ကြတဲ့ မိဘတွေ ၊ သားသမီးယုံလို့ စုံလုံးကန်းသွားရတဲ့ တချို့မိဘတွေကြောင့် ခုလိုတွေ ဖြစ်လာတာ ဖြစ်ချင်ဖြစ်မယ် ။ ဒါမှမဟုတ် နည်းပညာအသစ်တွေ လူနေမှုစရိုက် အသစ်တွေနဲ့ တိုးတက်နေတဲ့ ကမ္ဘာကြီးမှာ အရာရာဟာ စျေးကွက်ဆန်သွားတာ ၊ လူတွေရဲ့ စိတ်ဓါတ်တွေရော ပါကုန်လို့များလား ။

(၂)
ဟိုတနေ့က အသိတယောက်က သူ့ကျောင်းဟောင်းရဲ့ ဆရာကန်တော့ပွဲအတွက် ဒေါ်လာ ထောင်ချီပြီး အလှူကောက်ခံတဲ့ငွေဟာ ကျောင်းသားဟောင်းတွေကြား ဘယ်သူကတော့ ဘယ်လောက်လှူနိုင်တယ်ဆိုတဲ့ ပေတံနဲ့သူ့ထက် ငါ ဘဝမှာ ဘယ်သူအောင်မြင်တယ်ဆိုတာ ပြိုင်ဆိုင်ခွင့်ရတဲ့ ဇာတ်ခုံတခုလိုများ ဖြစ်နေသလားလို့ မေးခွန်းထုတ်ခဲ့တယ် ။ သူ့မေးခွန်းကို စဉ်းစားရင်း ကျွန်မရဲ့ ဟိုးအရင် မြန်မာပြည်ကျောင်းဟောင်းက ဆရာကန်တော့ပွဲတုန်းက ရိုက်ခဲ့တဲ့ဓါတ်ပုံတွေကြားက ဆရာ ဆရာမတွေရဲ့ ပကတိ ပီတိနဲ့သာ ဖြူစင်ကြည်လင်နေတဲ့ မျက်နှာတွေကို သွားမြင်ယောင်မိတယ် ။ နောက်ပြီး နွမ်းပါးတဲ့ကျောင်းသားတွေဆီက ဘယ်တော့မှ ကျူရှင်လစာမယူဘဲ အချိန်ပိုသင်ပေးတတ်ခဲ့တဲ့ ၊ ပစ္စည်းတွေ လာကန်တော့တာထက် ကိုယ့်အိမ်မှာ ၀ိုင်းလုပ် ၀ိုင်းစား လာနေပေးတာမျိုးကို ပိုတန်ဖိုးထားတတ်ခဲ့တဲ့ မေမေ့ပုံစံကိုလည်း မြင်ယောင်မိတယ် ။

တကယ်တော့ မြန်မာပြည်မှာလို နွမ်းပါးတဲ့ ဆရာ ဆရာမတချို့အတွက် ကို်ယ်တတ်နိုင်သလောက်လေး စိတ်ထဲက တကယ် စေတနာ သန့်သန့်နဲ့ကျေးဇူးတရားကို သိတတ်လို့ကန်တော့မယ်ဆိုရင်လည်း ဖြစ်သင့်တဲ့အရာတခုပါ ။ သို့ပေမယ့်ဝါသနာ ၊ စေတနာ ၊ အနစ်နာ ဆိုတဲ့ နာသုံးနာနဲ့  ပေါင်းစပ်ထားတဲ့ စိတ်မျိုး ပိုင်ဆိုင်တဲ့ ဆရာ ဆရာမတိုင်းတွက် ၊ ပီတိဆိုတာ အလကားရတဲ့ အောက်စီဂျင်လို သိပ်တန်ဖိုးရှိလှပါတယ် ။ အဲဒီပီတိဆိုတာကပဲ သူတို့ စိတ်တွေ ခွန်အားရှိရှိ ရှင်သန်ဖို့ အားဆေးတမျိုးလို့ ကျွန်မကတော့ ယုံကြည်မိတယ် ။


(၃)
ကျွန်မ ဖတ်ပြီး ကြိုက်မိတဲ့ quote တခုကတော့
A teacher affects eternity; he can never tell where his influence stops.
(Henry Adams)

ကျွန်မတို့ဘဝတွေကို အတိုင်းအတာတခုအထိ အကျိုးသက်ရောက်မှု ဖြစ်စေခဲ့တဲ့ ၊ နာသုံးနာကို လက်ကိုင်ထားတဲ့ ဆရာ ဆရာမတွေအပေါ် ကျွန်မတို့ဘက်ကတုံ့ ပြန်မှုကလည်း ... ခရေရနံ့လို သူတို့ရင်ထဲ အေးမြသွားစေတာမျိုး ၊ သူတို့ရဲ့လက်အောက်မှာ အရိုင်းဘဝကနေ အရောင်လက်သွားခဲ့တဲ့ စိန်တပွင့်အတွက် သူတို့ ဂုဏ်ယူ ၀င့်ကြွားနိုင်တာမျိုး ၊ ဖြူစင်တဲ့ကလေးတယောက်ရဲ့ အပြုံးကိုမြင်ရလို့ ပီတိဖြစ်စေတာမျိုး ... ဖြစ်သင့်တယ်လို့ ကျွန်မကတော့ ယုံကြည် လက်ခံ နေမိတယ်။

No comments:

Post a Comment