Monday, 13 October 2008

အာစရိယဂုဏ်အင်





(ဤကဗျာအား ရှာဖွေကူးယူလာသော မဝေဝေနွယ်အား အထူးကျေးဇူးတင်ပါသည်။ ကျွန်တော်တို့ရဲ့ ဆဋ္ဌမမြောက် ဆရာကန်တော့ခြင်း အစီအစဉ်အား ဤကဗျာဖြင့် ဂုဏ်ပြုအပ်ပါသည်။)





အာစရိယဂုဏ်အင်


ဆရာသင်ပြ၊ ထိုသိပ္ပကြောင့်
ဘဝအသိ၊   ဒို့ရရှိခဲ့။
ဆရာဆုံးမ၊ သြဝါဒကြောင့်
ဘဝရေးရာ၊ ဒို့လိမ္မာခဲ့။
ဆရာညွှန်ကြား၊ ထိုစကားကြောင့်
ဒို့များထံဝယ် ပညာကြွယ်ခဲ့။
ဆရာထိုထို၊ ထိုပုဂ္ဂိလ်တို့
ခုလိုချိန်ခါ၊ အိုမင်းလာပြီ
ဇရာလွှမ်းမိုး၊ ဤချိန်မျိုးဝယ်
ရှိခိုးကန်တော့ကြပါစို့။
ဆရာသေမှ၊ ရွှေမချနှင့်၊
ဆရာသေမှ၊ မတမ်းတနှင့်၊
ဆရာသေမှ၊ မငိုကြနှင့်၊
ဆရာမသေခင်၊ ကိုယ်သေလျှင်လည်း
တွေ့မြင်ကြဖို့၊ မရှိတော့။
ဒို့များဆရာ၊ အချို့မှာလည်း
သွားနှင့်ရှာပြီ၊ တမလွန်ဆီသို့။
သို့ဖြစ်တာကြောင့်၊
ဆရာသခင်၊ အသက်ရှင်ခိုက်၊
မြင်နိုင်တွေ့နိုင်၊ ပြောဆိုနိုင်ခိုက်၊
ရယ်နိုင်မောနိုင်၊ ခံစားနိုင်ခိုက်၊
ဦးစိုက်ကန်တော့ကြပါစို့။     ။
(ကဗျာစာဆို၊ မြန်မာ့အသံဦးကျော်ဦး)

No comments:

Post a Comment