Saturday, 11 October 2008

ကျွန်တော်ဖြတ်သန်းခဲ့သောညများ



တစ်ခါတစ်လေ... ကျွန်တော်တို့ ကျောင်းတတ်တဲ့အချိန်တုန်းက ညများကို ပြန်လွမ်းမိတယ်။ စာကျက်ခြင်းနဲ့ သိပ်မရင်းနှီးခဲ့ပေမယ့် ဂစ်တာတစ်လက် ထမ်းပြီး ဖားအောက် အဝေးပြေးလမ်းမပေါ်မှာ သီချင်းဆိုတာကတော့ တော်တော်လေးကို ရင်းနှီးခဲ့တယ်။ ဘဝမှာ စိတ်ညစ်ချိန်၊ ပျော်ရွှင်ချိန်အားလုံးကို ဂစ်တာတစ်လက်အဖော်လုပ်ပြီး ဖြတ်သန်းခဲ့ရတဲ့ အချိန်ကိုတော့ ဘယ်တော့မှမမေ့နိုင်ခဲ့ပါ။ အဲဒီအချိန်ခေတ်စားတဲ့ ဇော်ဝင်းထွဋ်၊ လေးဖြူ၊ အငဲ၊ မျိုးကြီးအပြင် ငယ်ငယ်လေးကတည်းက နှစ်သက်ခဲ့တဲ့ ထူအိမ်သင်ရဲ့ သီချင်းတွေ အဓိက ဟစ်ကြွေးခဲ့ကြပါတယ်။


ထူးအိမ်သင်ရဲ့‘အမေ’ ခွေထွက်တော့ အိမ်လွမ်းသူတွေအတွက် မရိုးနိုင်သော သီချင်းဖြစ်ခဲ့တယ်။ မနက်အတန်း မတက်ခင်၊ ညနေကျောင်းဆင်းတိုင်း လက်ဖက်ရည်ဆိုင်မှာဖွင့်ခိုင်းပြီး အိမ်လွမ်းခဲ့ကြတယ်။ ဒီအတွက်ကျောင်းရှေ့က ဆရာဆိုင်ကို (ကျွန်တော်တို့ကို အနွံတာခံခဲ့တာကို) ကျေးဇူးတင်ပါတယ်။


အဆောင်ပြန်ရောက်ရင်လည်း ဂစ်တာကိုင်ပြီး အမေ့ကိုထပ်လွမ်း၊ဒီလိုနဲ့ကျောင်းသားဘဝကို ဖြတ်သန်းခဲ့ကြပါတယ်။ (လကုန်ပိုင်းဆိုပိုလွမ်းပေါ့ဗျာ။) အခုတော့ ဒီသီချင်းလေးတွေ ပြန်နားထောင်ပြီးကျွန်တော်ဖြတ်သန်းခဲ့သောညများကို ပြန်တမ်းတမိပါတယ်ဗျာ။

No comments:

Post a Comment