Monday, 27 October 2008

သစ်စေ့တစ်စေ့သန္ဓေတည်ခြင်း


သစ်တစ်ပင်ဖြစ်ဖို့ဖြတ်သန်းပုံအဆင်ဆင့်ကို ကျွန်တော် တွေးနေမိသည်။ သစ်စေ့တစ်စေ့(သို့) သန္ဓေတည်ခြင်းမှ စသည်လို့ပြောလို့ရပါသည်။ သို့သော် သစ်စေ့မှ သစ်ပင်ဖြစ်ဖို့ရာ process များစွာ ဖြတ်သန်းရသည်။ သူ့အတွက် မြေဆီလွာ၊ မြေဩဇာ၊ ပေါင်းသင်ရေလောင်း၊ ကိုင်းထောက်ထူမ၍ လေဒဏ်မိုးဒဏ်ကြား မပြိုလဲအောင် အားထုတ်ရသည်။ အဆင့်တိုင်းကို ဖြတ်သန်းတိုင်းလည်း ဂရုတစိုက် လေ့လာဆန်းစစ်ရသည်။ ပိုးမွှား၊ တိရိစ္ဆာန်အန္တာရယ်မှလည်း ကာကွယ်ရသည်။ ပင်နု၊ပင်ပျို၊ ထိုမှတဆင့် သက်တမ်းပေါင်းများစွာ ရှင်သန်နိုင်သော သစ်တစ်ပင်အဖြစ်သို့ ပြောင်းလဲရောက်ရှိချိန်ထိ တကယ်တမ်းတော့ ခက်ခဲပင်ပန်းလှပါသည်။


မည်သို့ဆိုစေ စိတ်ကူးစေတနာတစ်ခုမှ စတင်မွေးဖွားပေးလိုက်သော သစ်တစ်စေ့သည် ကျွန်တော်တို့ရဲ့ဘဝထဲ သန္ဓေတည်လို့ ရောက်ရှိနေခဲ့ပါပြီ။ နှမ်းတစ်စေ့ဖြင့် ဆီမဖြစ်ဘူးဟုဆိုသော်လည်း နှမ်းစေ့ပေါင်းများစွာရရှိဖို့ သဒ္ဓါတစ်ခုတည်းနဲ့ စုစည်းဖြစ်ခဲ့ပါသည်။ ထိုကား မိမိတို့၏ ဘဝတွင် ဆရာ၊ဆရာမများ၏ကျေးဇူးတရားကို သိတတ်၍ တတ်နိုင်သမျှ ပြန်လည်ပေးဆပ်လိုသည့် ဆန္ဒပင်ဖြစ်သည်။

ဤကဲ့သို့ စိတ်တူကိုယ်တူ ဆန္ဒတူ သူငယ်ချင်းတစ်စု စတင်မွေးဖွားလိုက်သော သစ်စေ့သည် ပထမဆုံး အညှောင့်ထွက်လာပြီး ကျွန်တော်တို့ အမောကို စတင်ဖြေသိမ့်စေသည်။ ဤကား ဆရာ၊ဆရာမများဆီက စာ၊စကား၊ဆုံးမစာတည်း။ သို့နှင့် အားအင်ဖြစ်တည်ပြီး ခြေလှမ်းများကို ပိုမိုခိုင်မာစေသည်။

ယခုတဖန် ကထိန်သင်္ကန်းကပ်လှူခြင်းကို စတင်အကောင်အထည်ဖော်ပြီးနောက် ပထမဆုံးသော သစ်ရွက်တစ်ရွက်အဖြစ် သဒ္ဓါပီတိကို ကျွန်တော်တို့ စတင်ခံစားရသည်။ မောပန်းခြင်းများရပ်တန့်၍ အေးချမ်းခြင်းဆီသို့ထိတွေ့ခံစားနိုင်သော ပီတိအဖြစ် တွေ့ရှိရသည်။ ရေကြည်တစ်ပေါက် ကိုယ်သောက်ရလည်း အများသူငှာသောက်ရစေဖို့ တာဝန်တစ်ခုလည်း ရှိနေသေးသည်။
လောလောဆည်တော့ ပဒေသာပင်သည် အားလုံးရဲ့သဒ္ဓါတရားကို ထင်ဟပ်စေလျှက်....

မည်သို့ဆိုစေ ကျွန်တော်တို့ရဲ့ ပုဂ္ဂလိက ဘဝထဲမှ ခွဲထွက်၍ စုစည်းခြင်းဖြင့် ရှေ့သို့ ဆက်လှမ်းနိုင်ရန်လည်း ဆက်လက် အားထုတ်ရပေဦးမည်။

လေးစားလျှက်.....

No comments:

Post a Comment