Sunday, 26 October 2008

ကျွန်တော်အတန်းခေါင်းဆောင်

(ဒီလ ရွှေအမြုတေမှာဖတ်လိုက်ရတဲ့ စာတစ်ပုဒ်ကို ဝေမျှလိုက်ပါတယ်။ ငယ်ငယ်တုန်းကတော့ မော်နီတာ၊ GTI တက်တော့ EC လို့ခေါ်တဲ့ အတန်းခေါင်းဆောင်အကြောင်းကို ရေးထားတာပါ။ ကျောင်းတွေသာမတူတယ်၊ သဘာဝချင်းတော့ တော်တော်တူတယ်လို့ ကိုယ်တိုင်အတန်းခေါင်းဆောင်လုပ်ဖူးတော့ ကောင်းကောင်း နားလည်မိတယ်။ ကျွန်တော့ အတွေ့အကြုံတွေကိုလည်းရေးဖို့ ကြိုးစားလိုက်ပါဦးမယ်။ ဒီပိုစ့် လေးဖတ်ပြီး သူငယ်ချင်းတို့ ကျောင်းတက်ချိန်တွေကို ပြန်လွမ်းနိုင်ကြပါစေ။)


ကျွန်တော်အတန်းခေါင်းဆောင် 

 ခေါင်းစဉ်ကြည့်ပြီး လန့်သွားသလား မသိဘူး။ အထင်မလွဲလိုက်ပါနဲ့။ ကျွန်တော်ပြောတဲ့ဟာက နိုင်ငံရေးလုပ်တဲ့ အတန်းခေါင်းဆောင် မဟုတ်ပါဘူး။ ရိုးရိုးပါ။ ခက်တော့ အခက်သား။ နိုင်ငံရေးဆိုတဲ့ အဓိပ္ပာယ်ကိုတော့ ကိုယ်တိုင်က ရှင်းရှင်း နားမလည်သေးတော့ ဖတ်ဖူးတာ လေးကိုပဲ တင်ပြချင်ပါတယ်။ မန္တလေးမစိုးရိမ်ကျောင်းတိုက် မဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသရေးပြီး မစိုးရိမ်ရာပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ဝေတဲ့ မစိုးရိမ်သမိုင်းနှင့် သာသနာဝင် စာအုပ်မှာတွေ့ရတဲ့ နိုင်ငံရေး အယူအဆပါ။ "တို့နိုင်ငံမှာ စင်ပေါ်တက်ပြီး လက်သီးလက် မောင်းတန်းအော်မှ နိုင်ငံရေးလို့ ထင်နေကြတယ်။ နိုင်ငံအတွက် ကိုယ်တတ်နိုင်တဲ့ ဘက်က တာဝန် ထမ်းဆောင်ခြင်း ဟာလည်း နိုင်ငံရေးပဲ။ ဘုန်းကြီးများ စာပေပို့ချ နေတာဟာလည်း နိုင်ငံ အတွက် ဆောင်ရွက်တာပဲ။ နိုင်ငံအကျိုး ဆောင် ရွက်ချင်ပါတယ်ဆိုပြီး ကွဲနေပြဲနေကြရင် ဘယ်လိုလုပ်ပြီး နိုင်ငံအကျိုး ဆောင်ရွက် နိုင်ကြမှာလဲ"တဲ့။ (မစိုးရိမ် သာသနာဝင်၊ စာ-၁၇၅) ဒီအယူအဆ ပိုင်ရှင်ကတော့ မစိုးရိမ် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသူရိယာဘိဝံသပါ။ ဆရာတော် မိန့်သလိုဆိုရင်တော့ ကိုယ်လည်း နိုင်ငံရေး လုပ်သူ မဟုတ်ဘူးလို့ မဆိုနိုင်ပြန်ဘူးလေ။ ထားပါတော့။

ကျွန်တော်က နည်းပညာတက္ကသိုလ်(မုံရွာ) ရဲ့ ချည်မျှင်နှင့် အထည် အင်ဂျင်နီယာဌာနက အတန်းခေါင်းဆောင်ပေါ့။ အထင် မကြီးလိုက်ပါနဲ့ဦး။ ဒီမေဂျာက ကျောင်းသား ဦးရေကို ကြည့်။ ဒီမေဂျာက ဒီမှာဖွင့်တာ မကြာသေးတော့ AGTI နှစ်တန်းနဲ့ B.Tech နှစ်တန်းပဲရှိတာလေ။ 2T က မိန်းကလေး ချည်းပဲ ရှစ်ယောက်။ ကျွန်တော်တို့ 1T က ဆယ့်ခုနစ်ယောက်။ 2G နဲ့ 1G က သုံးဆယ်ကျော်စီပဲ ရှိတယ်။ မေဂျာ ပေါက်စလေးပေါ့။ ခေါင်းဆောင်ဖြစ်တာက 2G တုန်းက စဖြစ်ခဲ့တာ။ ဘာအရည်အချင်း တွေကြောင့်လဲဆိုတော့ မမေးနဲ့။ ကြံကြံဖန်ဖန် မဲပေါက်လို့ ဖြစ်လာတာပါ။ ဆရာမက သူ သဘောကျတဲ့ လူခုနစ်ယောက်လောက် ခေါ်ပြီး လာကြ၊ မဲနှိုက်ကြ ဆိုလို့ နောက်ဆုံးမှနှိုက်တာ ပေါက်သွားတယ်။ အဲ... "မရွယ်ဘဲ စော်ကဲမင်းဖြစ်"လို့ ဆိုရမလား ပဲ။ ခေါင်းပေါ်ကျလာတော့လည်း မရှောင်သာဘူးပေါ့။ ကျွန်တော် ထင်တယ်၊ ဒီအလုပ်က လူတိုင်းနီးပါး ရှောင်ချင်တဲ့ အလုပ်ပါ။ စဉ်းစား ကြည့်လေ။ အလုပ်ရှုပ်ရုံသက်သက်လို့ ပြောချင်လည်း ပြောလို့ရတာကိုး။ အရေးထဲ ဆက်ဆံရေး ဗျူဟာ မကျွမ်းရင် အမုန်းတော်ခံရဦးမှာ။ ရာထူးက ခေါင်းဆောင်ပေါ့။ အာဏာကတော့ တစ်စက်ဆို တစ်စက်မှ မရှိဘူးခင်ဗျ။

အဲတော့ ခေါင်းဆောင်ဆိုတာ ဘာလုပ်ဖို့ တင်မြှောက်ထားတယ် ထင်သလဲ။ ဘာပွဲညာပွဲတွေ ပေါ်လာပြီဆိုရင် အားလုံးရှေ့မှာ မျက်နှာကို အချို မှန်သမျှ အကုန်သရွတ်ကျံပြီး ဘယ်ရွေ့ဘယ်မျှ ထည့်ကြပါခင်ဗျ၊ အကျိုးက ဘယ်လိုပါခင်ဗျ၊ အကြောင်းက ဘယ်ပုံပါခင်ဗျလို့ ရှိရှိသမျှမာနတွေ ခဝါချ ပြီးပြောရဆိုရတော့တာပဲ။ ဒီနေရာမှာ အကြွေးတောင်းတဲ့ ဥပမာနဲ့ပြောရင် တက်တက်စင်အောင် လွဲပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ခေါင်းဆောင်ဆိုတဲ့ ရာထူးဌာနန္တရကြီး အပ်နှင်းချိန်မှာ ဆရာမက အနုသာသနီ သြဝါဒတော်တစ်ခု မြွက်ဟခဲ့တာက "အခုအချိန်ကစပြီး ဘယ်သူနဲ့ဖြစ်ဖြစ် အဆင်ပြေအောင် နေရမယ်"တဲ့ခင်ဗျ။ ဒီတော့လည်း အာမဘန္တေပဲပေါ့။ ကျောင်းအုပ်ကြီးက ပြောတယ်။ ကျောင်းသားတွေ ကျောင်းမတက်တာ ခေါင်းဆောင်တွေ ညံ့တဲ့အပိုင်းလည်း ပါပါသတဲ့။ အတန်းတစ်တန်းမှာ သုံးယောက်ထက် ပိုပျက်နေရင် အဲဒီအတန်းက အတန်းခေါင်းဆောင်ကို ညံ့တယ်လို့ သတ်မှတ်သတဲ့။ အလို... ဘုရား ဘုရား။ ကျောင်းသားတွေ ၀န်ထမ်းတွေကို ဘယ်ဝတ္တရား ပျက်ကွက်ရင် ဘာအပြစ်ဒဏ်၊ ဘယ်နေ့ရောက်လို့မှ ဘာကြေးမသွင်းရင် ဘယ်သူဘယ်ဝါကို ခေါ်ခဲ့ပြီး ငါ့ဆီလာ တောင်း ပန်၊ အဲသလိုဆိုတော့လည်း အပင်ငယ်မှန်သမျှ လေယူရာ ယိမ်းရတော့တာပေါ့။ အင်း... အဲဒါ သူတို့တော်လို့တဲ့။

ကျွန်တော်တို့ ဆိုတာက မပေးချင်တာကို ပေးချင်အောင်၊ မသဒ္ဓါတာကို သဒ္ဓါအောင် ပြောရဆိုရ ဖျောင်းဖျရတာက အမော။ ပြီးတော့ မထည့်ဘဲ နေရင်လည်း ဘယ်လို အပြစ်ဒဏ်မျိုးမှ ပေးပိုင်ခွင့်မရှိ။ နောက်ပွဲတွေ အတွက်ပါ လာဘ်တိတ်မှာစိုးလို့ ဒီပွဲမှာ မထည့်တဲ့အတွက် ငြိုငြင်ခွင့်မရှိ။ ခေါင်းဆောင်ဆိုတာ အဲ့သလိုပါ။ FRESHER WELCOME လိုပွဲမျိုးများရှိရင်အလုပ်က အတော်ရှုပ်တယ်။ ဆရာဆရာမတွေ ဖိတ်တဲ့ဖိတ်စာကအစ၊ စာလုံးဒီဇိုင်းတွေဘာတွေနဲ့ ဆိုင်းဘုတ်တင်တာတွေ၊ကျွေးရေးမွေးရေး၊ကြိုဆိုဧည့်ခံရေးတွေအကုန်ကိုယ့်ခေါင်းပေါ်မှာပဲရှိနေတယ်။ အစီအစဉ်လည်း ကိုယ့်ဘာသာဆွဲ။ ကျောင်းသားတွေဆီ သွားတိုင်ပင်တော့ ခေါင်းဆောင်ရဲ့ကိစ္စပါတဲ့။ ဆရာတွေကကျတော့ ဒါ ကျောင်းသားတွေ လုပ်ရမှာတဲ့။ ဖြစ်ပုံက တော့လေ။ တခြားလူတွေကိုလည်း တက်ညီလက်ညီ ဝိုင်းဝန်း လုပ်ကိုင်ကြဖို့ ပြောရတယ်။ ဒါပေမယ့် ဘယ်သူ့ကြောင့် ဘာပဲမှားသွားမှားသွား ညံ့သွားတာရှိရင် ခေါင်းဆောင်တာဝန်ပါပဲ။ ပြီးတော့ Fresher မောင်မယ်တွေကို ကြိုဆိုနှုတ်ဆက်တဲ့ စကားပြောဖို့ကလည်း လုပ်ရသေးတယ်။ ပေါက်တတ်ကရတွေ လျှောက်ပြောလို့မရ။ "စကားထဲက ဇာတိပြ"ဆိုတော့ ကိုယ့်စကားကို ပေါ့ပေါ့ပြောလို့မဖြစ်။ ပြောရမှာက ဆရာကြီးဆရာမကြီးတွေရဲ့ ရှေ့မှာ။ ဦးတည်ရမှာက ကလေးတွေဆီကို။ ဒီတော့ ကိုယ့်နေရာမှာ သုံးရမယ့် နာမ်စားနဲ့ နားထောင်သူကို ပြောရမယ့်နာမ်စား ရှာရတာကိုက မလွယ်ဘူးဗျ။

နောက်တော့ အကြံတစ်ခုရတယ်။ အဲ့ဒီအတိုင်းလည်း လုပ်ဖြစ်သွားတယ်။ အစဆုံး ကိုယ့်ကိုယ်ကို မိတ်ဆက်။ ကျွန်တော်က ဘယ်သူဘယ်ဝါပါ။ ဘာညာ ဆိုပြီးမှ "ဒီအချိန်ဟာ ညီငယ်ညီမငယ် တွေကို လှိုက်လှဲပျူငှာတဲ့စကားတွေနဲ့ နွေးနွေးထွေးထွေး ကြိုဆို နှုတ်ဆက်ရမယ့်အချိန်ပါ။ အဲဒါကြောင့် ကျွန်တော့်ကို ညီငယ်ညီမငယ်တွေနဲ့ တိုက်ရိုက် စကားပြောခွင့် ပြုပါခင်ဗျာ"ဆိုပြီး ပလ္လင်ခံရတယ်။ ပြီးမှ ဆက်ပြောရတာလေ။ အဲ... ခေါင်းဆောင်လုပ်ရတဲ့ အကျိုး ကျေးဇူးက ဒီနေရာမှာတော့ တော်တော် ကောင်းတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်စိတ်၊ ကိုယ့်စေတနာ၊ ကိုယ်ဖြစ်စေချင်တာကို အားလုံး ရှေ့မှာ ချပြလို့ရနိုင်တဲ့ အခွင့်အရေး ရှိတယ်လေ။ ဒါ ကိုတော့ လက်လွတ်ခံလို့ မဖြစ်ဘူးပေါ့။ ဒီတော့ မဖြစ်မနေ ပြောရမယ့်ဟာတွေ အရင်ပြော၊ နွေးနွေးထွေးထွေး လက်ကမ်းကြိုဆို ပါတယ်ဆိုတဲ့အကြောင်း၊ ညီအစ်ကိုမောင်နှမ အရင်းတွေလို ချစ်ချစ်ခင်ခင်၊ တိုင်တိုင်ပင်ပင် နေကြစေချင်ကြောင်း၊ စာတင်မက ဘက်ပေါင်းစုံက ကောင်းတဲ့သူတွေဖြစ်အောင် ကြိုးစား စေချင်ကြောင်းပြော၊ ပြီးတော့ တပည့်ဝတ်ငါး ပါးကို တစ်ခုချင်း အကျယ်ချဲ့ပြ။ ဒါတွေပြီးတော့ ကိုယ့်ခွင်ထဲရောက်လာပြီ။ အဲတော့ အောင့်ထားသမျှ သွန်ချလိုက်ပြီပေါ့။

 "ခေတ်ပညာတတ်" လို့ အခေါ်ခံကြရမယ့် တို့ညီအစ်ကို မောင်နှမတွေအနေနဲ့ တခြားနေရာတွေမှာ တော်ကြရမှာဖြစ်သလို ဘာသာရေးကိုလည်း လျစ်လျူရှု မထားသင့်ကြောင်း၊ ကိုယ် နေ့စဉ်ဦးခိုက်နေတဲ့ ဘုရားရဲ့အကြောင်းကိုတော့ အကြမ်းဖျင်းဖြစ်စေ သိထားသင့်ကြောင့်၊ ကိုယ် ကိုးကွယ်တဲ့ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာတွေဟာ ဘယ်လို ဂုဏ်ထူး ဝိသေသတွေရှိလို့ ကိုးကွယ်ရတာဆို တာကို သိသင့်ကြောင်း၊ ဒီလိုမဟုတ်ဘဲ လေ့လာခြင်းလည်း မရှိဘဲ ဘာသာတရားနဲ့ ဆန့်ကျင်တာ တွေကို အမှန်ထင်ပြီး လုပ်နေကြတာဟာ ရှက်စရာကောင်းကြောင်း စသည်စသည်ပေါ့။ တကယ်တော့ ဒါတွေက အားလုံးကို ရည်ရွယ်တာ။ ဒေါက်တာဘွဲ့ရ၊ မဟာဘွဲ့ရတွေတောင် ဘာသာရေးကို မျက်ကွယ်ပြုလာကြတာ တွေ့ရပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်တယ်လို့ ယူဆရတဲ့ အချက်မျိုးလေးတွေတောင် မသိတာမျိုးတွေလည်း ရှိနေပါတယ်။ အပြစ်တော့ မဆိုသာဘူး။ ဒါပေမယ့် တတ်နိုင်သမျှ ကောင်းစေချင်တယ်။ မင်းက ဘာကြီးမို့လဲလို့ မေးချင်မေးမယ်။ ကျွန်တော်လည်း ဘာကြီးမှ မဟုတ်ပါဘူးခင်ဗျ။ ဘာပဲဖြစ်ဖြစ် အလုပ်ရှုပ်ခဲ့သမျှ၊ ပင်ပန်းခဲ့သမျှတွေကတော့ ဒီလိုလေး ပြောလိုက်ရတာနဲ့တင် ကျေနပ်မိတာ အမှန်ပါပဲ။ ကျွန်တော်ကပဲ အမြင်ကျဉ်း နေသေးလို့လား မသိဘူး။ အတန်း ခေါင်းဆောင်တွေရဲ့ တာဝန် ကတော့ ဒီလောက်ပါပဲ။ ဒီထက်ပိုပြီး ထူးထူး ခြားခြား တာဝန်တွေရှိတော့မယ် မထင်ဘူး။ အဲတော့ ဒီစာကတော့ ဒီမျှပါပဲ။

သိုက်စိုးထွန်း၊နတ်ရွာ၊ 

 မူလပိုစ့်ကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

No comments:

Post a Comment