Sunday, 16 November 2008

သူငယ်ချင်းသို့.....



သူငယ်ချင်းရေ.....


ဒီအချိန် မြန်မာနိုင်ငံမှာ တန်ဆောင်တိုင်ပွဲတွေ ခြိမ့်ခြိမ့်သဲ စည်ကားနေပြီပေါ့နော်။ ငါတို့ ကျောင်းတက်ချိန်တုန်းက ရိုးဂိုးရွာကို သတိရလိုက်တာ။ အားအားနေ ဘုရားဆောင်းတန်း သွားပြီး ထွေရာလေးပါး ငြင်းခုန်ခဲ့ကြတာတွေကို ပြန်လွမ်းမိတယ်ကွာ။ ချောင်းစပ်နားက ထန်းရည်ဆိုင်ရော ရှိသေးလား။ ငါတို့ရေဆင်းကူးခဲ့ကြတဲ့ ညနေခင်းတွေ၊ ထန်းရည်တကျိုက်သောက်ဖို့ ထန်းပင်အောက်ကနေ ဇက်ညောင်းအောင် စောင့်ခဲ့ရတာတွေ ပြန်သတိရတယ်ကွာ။

တချို့ကတော့ ဘုရားနားက ဘူးသီးကြော်ဆိုင်၊ မြင်းလှည်းဂိတ်၊(၈)လိုင်းကား၊ ဖားအောက်တောရနဲ့ ကျောင်းနောက်က မြစိမ်းတောင်ကို ပြန်ပြီးလွမ်းနေကြမှာ ငါသိတယ်ကွာ။ တကယ်တော့ မင်းတို့ငါတို့တွေဟာ ရည်းစားဦးထက် လူငယ်ဘဝမှာ ပထမဆုံးတက်ခဲ့တဲ့ကျောင်းကို ပိုရင်ခုန်ခဲ့ကြတယ် ပိုပျော်ခဲ့ကြတယ်မဟုတ်လား။

ဒါနဲ့စကားမစပ် မင်း စင်္ကာပူနိုင်ငံကို လာပြီးအလုပ်လာရှာမယ်လို့ ငါကြားမိတယ်။ အေးပေါ့လေ သူငယ်ချင်းတော်တော်များများက ဒီမှာ အလုပ်လုပ်၊ ကျောင်းတက်နဲ့ ဘဝအတွက် တိုးတက်ရာ တိုးတက်ကြောင်းတွေကို ရုန်းကန်ရှာဖွေနေကြတာကို မင်းကြားမိပြီး လာဖို့ ကြိုးစားနေမယ်ဆိုတာ ငါနားလည် စာနာမိပါတယ်ကွာ။ ငါတို့ လည်းတစ်ချိန်တုန်းက ဒီလိုပါပဲ။


မျက်မမြင် ပုဏ္ဏားများ ဆင် စမ်းစမ်းသလိုတော့ ငါမပြောချင်ပါဘူး။ ဒါပေမယ့် စင်္ကာပူနိုင်ငံဆိုတာ ကိုယ့်နိုင်ငံတော့ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကောင်းကျိုး ဆိုးကျိုးတွေ ရောထွေးယှက်တင် ဖြစ်နေတာကိုတော့ မင်းနားလည်ထားဖို့တော့ လိုအပ်တယ်ကွာ။ ငါ့အနေနဲ့ ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါလို့တော့ မပြောချင်ဘူး။ ဒါပေမယ့် ဒီမှာတွေ့ကြုံရမယ့် အခက်အခဲ တွေအတွက် ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ဖို့နဲ့ ဘာလုပ်သင့်တယ်ဆိုတာကို ချင့်ချိန်ကြံဆနိုင်ဖို့ ငါဖတ်ရှုမှတ်သားထားတဲ့ စာမျက်နှာတွေကို မင်းကိုညွှန်းချင်တယ်။ ဒါတွေဟာ ဒီမှာလက်ရှိ လုပ်ကိုင်နေတဲ့ သူတွေရဲ့ အမြင်တွေ အကြံဉာဏ်တွေပဲ ဖြစ်တယ်။

ပထမဆုံး KPZ ရေးတဲ့ ဒီနေ့စင်္ကာပူ ဆိုတဲ့ ဆောင်းပါးကို ဖတ်စေချင်တယ်။ ပြီးတော့ သူဆက်ညွှန်းထားတဲ့ မောင်လူအေးရဲ့ ပိုစ့်ကိုလည်း ဖတ်ကြည့်စေချင်ပါတယ်။ ဒါ့အပြင် ကိုချောလွင်ရဲ့ပိုစ့်ကိုလည်း ဖတ်စေချင်ပါတယ်။ မြန်မာနိုင်ငံကနေ ဖတ်ရတာ အခက်အခဲရှိလို့ရှိရင် ပြောပေါ့။ မင်းဆီကို ငါ Email နဲ့ပို့ပေးလိုက်ပါမယ်။ တကယ်တော့ ငါတို့ပြောတာတစ်ခုတည်းထက် ဖက်ပေါင်းစုံ ဒေါင့်ပေါင်းစုံကနေပြီး စဉ်းစားပြင်ဆင် ကြိုးစားပေါ့ကွာ။

မင်းဘဝပန်းတိုင်ကို အောင်မြင်စွာလျှေက်လှမ်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလျှက်.....

မင်းရဲ့သူငယ်ချင်း
(ခေတ္တ စင်င်္ကာပူ)

1 comment:

  1. ကျေးဇူးပါ။ ကျွန်တော့်ခံစားချက်ကိုကည့်ရေးတယ်လို့ တောင်ထင်ရတယ်။လာလည်ဦးနော်.www.khanhwe.page.tl

    ReplyDelete