Monday, 8 December 2008

လမ်းတစ်ခုရဲ့ ဒဏ္ဍာရီ

(Road to Singapore အတွက် အနီးစပ်ဆုံးလူကို ကျွန်တော်တောင်းထားတဲ့ စာမူတစ်ခုပါ။ မြန်မာနိုင်ငံမှ ကျောင်းလျှောက်ပြီး ထွက်လာတဲ့ အုပ်စုထဲမှာ ပါဝင်ပါတယ်။ နာမည်က မကြေးမုံဝင်းဖြစ်ပြီး မော်လမြိုင်ဇာတိပါ။ ၁၉၉၉ခုနှစ် နိုဝင်ဘာမှာ Electrical Engineering(Power) နဲ့  GTI ပြီးခဲ့ပြီးတော့ GTC/B.E/M.E/NUS(Singapore) အထိ ကျောင်းတက်ခဲ့တဲ့ အတွေ့ အကြုံလေးတွေကို ဝေမျှထားတာပါ။ Life Story တစ်ပုဒ်လို့ ဆိုနိုင်ပြီး သူရှာဖွေထားတဲ့ လမ်းကြောင်းတစ်ခုအကြောင်း ပြောပြထားတာပါ။ လိုက်လျှောက်ချင်တဲ့ သူတွေအတွက် အနည်းနဲ့ အများတော့ အကျိုးရှိမယ်လို့  ယူဆပါတယ်။)



အပိုင်း(၁)

အိပ်မက်တစ်ခု အသက်သွင်းခြင်း


ဒီ စင်္ကာပူကို ဘယ်လို ထွက်လာဖြစ်တယ်လို့ ပြောရမယ်ဆိုရင် နည်းနည်းတော့ ရှည်တယ်။

ကျွန်မ GTI တက်တုန်းအချိန်မှာ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ ငယ်ငယ်တုန်းကတည်းက သူများပြောမှလုပ်တာမျိုး ကျွန်မ မကြိုက်ခဲ့ဘူး။ ကိုယ့်အသိစိတ်နဲ့  ပဲကြိုးစားခဲ့ပါတယ်။ GTI တက်တုန်းအချိန်မှာလည်း ဆရာတော် ဦးဇောတိကရဲ့ စာအုပ်တွေ တော်တော်လေးဖတ်ဖြစ်ခဲ့တယ်။ ဒါတွေက ကျွန်မစိတ်ကို ထိန်းကျောင်းတဲ့ နေရာမှာ တကယ့်ကို အထောက်အကူပြုခဲ့ပါတယ်။ GTI ပြီးတော့ B.Tech/B.E ဆက်တက်ဖြစ်တယ်။ အဲဒီအချိန်မှာ နဂိုကထက် မျက်စိ/နား ပိုပွင့်ခဲ့တယ်။ မှတ်မှတ်ရရ ကျွန်မတို့ Major မှာရှိတဲ့ ဆရာတစ်ယောက်က သူ့  lecture ချိန်မှာ နိုင်ငံခြားမှာရှိတဲ့ ကျောင်းတွေအကြောင်းကို စာသင်နေရင်းနဲ့  စကားစပ်ပြီးပြောလေ့ရှိတယ်။ အဲဒီတုန်းကတည်းက ကျွန်မစိတ်ထဲမှာ “ငါလည်း ဒီကျောင်းမျိုး သွားတက်ချင်လိုက်တာ” လို့ ဖြစ်မိတယ်။ ဒါကြောင့်လည်း ပိုကြိုးစားခဲ့ပါတယ်။

ဒီလိုနဲ့  B.E ပြီးတော့ M.E တက်ဖို့ qualify ဖြစ်ခဲ့တယ်။ အဲဒီမှာတော့ အဲဒီအချိန်မှာတော့ ကျွန်မစိတ်ထဲတွေ ဒွိဟဖြစ်ရတော့တယ်။ တစ်ဖက်က ကိုယ့်ဘဝအတွက် ပေးလာတဲ့ တိုးတက်နိုင်တဲ့ အခွင့်အရေး၊ အခြားတစ်ဖက်ကတော့ မိသားစုကို ငဲ့ညှာရခြင်းပါပဲ။ ကျွန်မတို့  မိဘနှစ်ပါးစလုံးက အစိုးရဝန်ထမ်းတွေဆိုတော့ ငဲ့ညှာပြီးကျောင်းဆက်မတက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် အဖေက လုံးဝ လက်မခံပါဘူး။ ကျွန်မကို ကျောင်းဆက်တက်ဖို့ ရန်ကုန်ကို လွှတ်ပါတယ်။ အဲဒါကိုပြန်စဉ်းစားမိတိုင်း အဖေ့ကို ကျွန်မတစ်သက်လုံး ရိုသေလေးစား ကျေးဇူးတင်မိပါတယ်။ ရန်ကုန်မြို့ ဆိုတာလည်း သိတဲ့အတိုင်းပါပဲ။ အကောင်းတွေရော အဆိုးတွေရော အကုန်ရနိုင်တဲ့ နေရာလေ။ အဲဒီမှာ ကိုယ်က ကောင်းတာလေးတွေ ယူတတ်ဖို့ တော့ လိုတာပေါ့နော်။

M.E ကို လှိုင်သာယာမှာတက်ရပါတယ်။ ကျောင်းတက်ရင်းနဲ့ တစ်ဖက်တစ်လမ်းက ဝင်ငွေရဖို့  ဆယ်တန်း Guide လုပ်ပါတယ်။ ကျွန်မအတွက် တော်တော် ပင်ပန်းပါတယ်။ ဒါပေမယ့် ဒါတွေက ကျွန်မကို ကျင့်သားရဖို့  လေ့ကျင့်ပေးသလို ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့  ကျောင်းတက်နေရင်း NUS (National University of Singapore) အကြောင်းကို သူငယ်ချင်းတွေဆီက စုံစမ်း၊ ကိုယ်လည်းအားရင် website ဝင်ကြည့်ရင်းနဲ့ ပေါ့။ အဲဒီအချိန်တုန်းက ကျွန်မတို့  GTI ကနေ ပေါင်းကူးလာပြီး B.E ရောက်လို့  NUS ကို Entrance ရတဲ့လူတွေ နည်းနည်းတော့ ရှားပါတယ်။ ဒီလိုနဲ့ တစ်နေ့  M.E, Thesis အတွက် Seminar လုပ်တော့ ကျွန်မတို့  နဲ့ အဖွဲ့ တူတဲ့ သူငယ်ချင်း တစ်ယောက်နဲ့  စကားစပ်မိပါတယ်။ သူလည်း NUS ကို အရင်ကလျှောက်ဖူးကြောင်းနဲ့ အခုထိတော့ ကျောင်းဝင်ခွင့် မရသေးကြောင်း ပြောပါတယ်။ ဒီတော့ ကျွန်မလည်း ရေငတ်တုန်း ရေတွင်းထဲကျသလိုပါပဲ။ ကျွန်မတို့ နှစ်ယောက် ကိုယ့်မှာရှိတဲ့ information တွေ အပြန်အလှန် Exchange လုပ်ဖြစ်တယ်။ နောက်ဆုံး အတူတူသွားတက်ရအောင်လေလို့ ဆိုပြီး ကျောင်းလျှောက်ဖို့  တကယ်ကို ကျွန်မကြိုးစားပါတော့တယ်။

ကျောင်းလျှေက်ဖို့ လိုအပ်တဲ့စာရွက်စာတမ်းတွေပြင်ဆင်ပြီး တကယ်လည်းတင်ရတော့မယ့်အချိန်မှာတော့ ကျွန်မမှာ စာရွက်စာတမ်းတစ်ခု လိုအပ်နေလို့  မတင်ဖြစ်ခဲ့ပါဘူး။ သူငယ်ချင်းမကတော့ တင်ဖြစ်သွားပြီး တကယ့်ကို ဝင်ခွင့်ရသွားပါတော့တယ်။ သူမကျောင်းက Offer Letter ကိုလက်ခံရရှိတဲ့အချိန်မှာ ကျွန်မလည်းသူမအစား ပျော်လိုက်တာ အရမ်းပါပဲ။ စိတ်ထဲလည်း ပိုတက်ကြွသွားတယ်။ စိတ်မကောင်းလည်း ဖြစ်သွားတယ်။ ကျွန်မတို့  နှစ်ယောက်အတူတူသွားမယ်လို့ ပြောခဲ့တာကို သတိရပြီး “ငါသာ လျှောက်ဖြစ်ခဲ့ရင်”ဆိုတဲ့ စိတ်က ကျွန်မကိုတော်တော်လေး နှိပ်စက်ပါတယ်။ ဒီလိုနဲ့  M.Sc(Engineering) ကို January intake ခေါ်တဲ့အချိန်မှာတော့ ကျွန်မတကယ့်ကို လျှေက်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ M.E ကလည်းအပြီး ဒီ NUS ကို ဝင်ခွင့်ရခဲ့ပါတယ်။ ကျွန်မရဲ့ Background က Electrical Power Engineering ပါ။ ဒါကို first priority ထားပေမယ့် မရခဲ့ပါဘူး။ Material Science ဆိုတဲ့မေဂျာနဲ့  ဝင်ခွင့်ရခဲ့တာပါ။ Offer Letter ကိုလက်ခံရရှိတဲ့အချိန်မှာ ကျွန်မလေ ပျော်လိုက်တာ။ ကျွန်မရဲ့ မျှော်လင့်ချက်တွေ၊ ဖြစ်ချင်တာတွေ အကောင်ထည် ဖော်ခွင့်ရတော့မယ် ဆိုပြီးတော့ပေါ့။ ဒီလိုနဲ့ လိုအပ်တာတွေ စီစဉ်၊ ကျွန်မရှေ့ က သွားနှင့်တဲ့ သူငယ်ချင်းဆီဆက်သွယ်မေးမြန်းနဲ့ ပေါ့။ တကယ်လည်း ထွက်ရမယ့်ရက်နီးလာတော့ ကျွန်မကြောက်လာပါလေရော။ ကျွန်မရဲ့  ဝန်ထမ်းမိဘနှစ်ပါးရဲ့ မျက်နှာရယ်၊ ဟိုရောက်ရင် ကျွန်မလုပ်နိုင်ပါ့မလားဆိုတာကို တွေးပူရင်းနဲ့ ပေါ့။ လေဆိပ်ကို မိသားစုတွေ လိုက်ပို့ တော့ အဖေက နှုတ်ဆက်ရင်း “သမီး အဖေကတော့ ဘုရင့်နောင်ဖောင်ဖျက်ပြီးတော့ လွှတ်လိုက်ပြီနော်” တဲ့။ အဲဒီစကားလေးက ကျွန်မစိတ်ထဲ အမြဲစွဲနေပါတယ်။ ကျွန်မကို အမြဲယုံကြည်တတ်တဲ့ အဖေ့အတွက် ကျွန်မကြိုးစားရမယ်ဆိုပြီးတော့ပေါ့။ ဒီလိုနဲ့  (3-1-2007) မှာ ကျွန်မတို့ နဲ့  မော်လမြိုင်ကျောင်းမှာ အတူတူတက်ခဲ့တဲ့ အမတစ်ယောက်နဲ့  လေယာဉ်တစ်စီးထဲအတူတူ၊ Taxi တစ်စီးထဲအတူတူစီးပြီး၊ တစ်အိမ်ထဲအတူတူ နေခွင့်ရခဲ့လို့  အဝင်မှာဘာဒုက္ခမှ မရောက်ခဲ့ပါဘူး။ ဒီလိုနဲ့  Singapore ကို ရောက်လာတာပေါ့လေ။

(ဆက်လက်ဖော်ပြပါမည်။)

2 comments:

  1. I think u should be complete this post :)

    ReplyDelete
  2. Hi K Nyi!

    I will give time to finish for this.
    Thanks for make me alert. :)

    ReplyDelete