Saturday, 25 September 2010

ဖြူပြာနဲ့ကျွန်တော်

" မင်းကို စတွေ့တော့ မုန်းမိတယ်..
မင်းကို တွေ့ဖန်များတော့ ရင်းနှီးလာတယ်…
ကြာတော့ မင်းကို သံယောဇဉ်ရှိလာတယ်…
ဒို့ရဲ့ မနက်ခင်းတိုင်း တော်တော်များများကို စိုးမိုးထားတော့…
မင်းကို မြတ်နိုးမိလာတယ်…
သိလား ဖြူပြာ မင်းကို ဒို့ အရမ်းချစ်သွားပြီ…"

ဒီနေ့တော့ နေသာသလို ရာသီဥတုကတော့ သာယာလှပါသည်။ မနေ့ကရွာထားတဲ့ မိုးတွေကြောင့် ပတ်ဝန်းကျင်တ၀ိုက်မှာ စိုစွတ်တဲ့ ရနံ့တွေ သင်းလို့နေပါသည်။ ခါတိုင်းနေ့တွေလိုပဲ ဖားအောက်မြေရဲ့ မနက်ခင်းလေးဟာ ဖြူပြာတွေနဲ့ ကဗျာတစ်ပုဒ်လိုပဲ မျက်စိ ပဒါန ကြလှပါသည်။ ကျောင်းကား အသီးသီးက အဆောင်အသီးသီးက ကျောင်းသူကျောင်းသာတွေ ကျောင်းဝန်းလေးထဲမှာ ဟိုအနှံ့ ဒီအနှံ့နဲ့ ဆန်းသလို မရိုးတဲ့ နေ့ရက်ရှည်တွေ ဖြတ်သန်းလာတာ နှစ်တွေတောင် ကျော်လာပါပြီ။ ကျွန်တော် အဖြူအပြာကို စ၀တ်တုန်းကဆို လုံးဝကို မ၀တ်ချင်တာ ဘာကြီးမှန်းလဲ မသိဘူးလို့ စိတ်ထဲမှာ မုန်းတီးနေမိသည်။ ဒီနေ့ မြင်းကွင်းလေးကြောင့် ဖြူပြာဝတ်ဆုံလေးကို မြတ်နိုးသွားတာ ဖြစ်ပါသည်။

ကျွန်တော် A.G.T.I ပထမနှစ်တုန်းက အဖြစ်အပျက်လေးတစ်ခုကို ပြောချင်ပါသည်။ T-Shirt ၀တ်ထားတဲ့သူတွေဆိုရင် ဆရာကြီးရဲ့အနားကို မသွားရဲကြဘူးလေ။ ကျွန်တော်လည်း အဲဒီနေ့က T-Shirt ၀တ်လာတယ်ဆိုတော့ သတိနဲ့ သွားလာရတာပေါ့…ဘော်ဒါတွေကို စောင့်ရင်း..ကျောင်းသားရေးရာနားမှာ ရစ်သီရစ်သီနဲ့..ခဏကြတော့…

”ဟေ့ကောင်တွေ ပြေးကြ ဟိုမှာ မင်းတို့ အဖိုးလာနေပြီကွ”…..ကျွန်တော်လည်း ဘယ်ရမလဲ ပြေးတာ တန်းနေရောပဲ…ဘယ်ရောက်မှန်းမသိ ပြေးတာ ကျောင်းရဲ့ အိမ်သာရောက်မှပဲ သတိရတော့တယ်။ အရေးထဲမှာ အိမ်သာတက်ချင်ယောင်ဆောင်ရသေး။ တစ်မျိုးတော့ ပျော်ဖို့ကောင်းပါသည်။ ဒီလိုနဲ့ B.Tech ရောက်တော့ ဖြူပြာဝတ်ဆုံ ၀တ်ရမယ်လို့ သတင်းကြားပါသည်။ တကယ်ပါပဲ မကြာပါဘူး ကျောင်းသားရေးရာမှာ ဖြူပြာဝတ်ဖို့ ကြေငြာပါတော့သည်။ ကြိုက်တဲ့ အဖြူရောင်အကျီင်္ကို လုံချည်အပြာနဲ့ပေါ့။ တစ်ချက် အထက်တန်းကျောင်းသား ဘ၀ကို သတိရမိလိုက်သည်။ ကောလိပ်ကျောင်းသာဘ၀ကနေ အထက်တန်းကျောင်းသားဘ၀ ရောက်သွားသလိုပဲ ခံစားရပါသည်။

ကျွန်တော် တစ်ခုတော့ အံသြမိတာတော့ ဖြူပြာဝတ်ဆုံလေးကိုပဲ ပုံစံ အမျိုးမျိုးနဲ့ ချုပ်ဝတ်နေကြတာလေ။ အထူးသဖြင့် မိန်းကလေးတော်တော်များများ ဖြစ်ပါသည်။ စိတ်မကောင်းတာ တစ်ခုတော့ သိပ်မကြာခင်လေးမှာပဲ ကျောင်းသားရေးရာက ကြေငြာပြန်ပါသည်။ ဘာလဲဆိုတော့ ၀တ်ဆုံတွေကို ပုခုံးမှာ ဘားတွေနဲ့ ပုံစံတူချုပ် ရမယ်တဲ့…လှချင်တဲ့မမတွေ စိတ်ဓာတ်တွေကျ…ညဉ်းငြူရှာပါသည်။ တစ်ချို့ကတော့ အကြံတော်တော်ပိုင်တယ်…တကယ်ကိုအပြုံးမပြတ်ဘူး…ချုပ်ပီးသားကို ဘားတတ်လိုက်ရုံပဲတဲ့…

ကျွန်တော်လည်း အကျီင်္ကို ဘားမတတ်ပဲနဲ့ ကျောင်းကိုလာရင်း…ဆရာနဲ့တွေ့တိုင်း

“ဆရာ အကျီင်္ချုပ်ထားတာ မရသေးဘူး” လို့ လိမ်ပြောနေကြပါ။ တစ်နေ့ ကျွန်တော်လည်းကျောင်းကို အစောကြီးရောက်တာနဲ့ စာလုပ်စရာလည်းရှိတာနဲ့ အတန်းကို စောထွက်လာပါသည်။ အတန်းရောက်တော့ မြင်လိုက်တဲ့ မြင်ကွင်းက ကျွန်တော့်ကို တော်တော် မှင်တက်စေပါသည်။ ကျွန်တော်တို့အတန်းက သူငယ်ချင်းတစ်ယောက်ပေါ့ သူ့ရဲ့ဘားကို သေသေချာချာတက်နေပါသည်။ သူဟာကတစ်မျိုး တက်လိုက်ဖြုတ်လိုက်လုပ်လို့ရတယ်…သူ့ကိုကြည့်ပီး ကျွန်တော် ဘယ်လိုမှမအောင့်နိုင်လို့ တော်တော်ကို ရယ်မိပါသည်။…ကျွန်တော်လေ သူ့ရဲ့ အိုင်ဒီယာကို မချီးကျူးပဲ မနေနိုင်ဘူး။

တဖြည်းဖြည်းနဲ့ ကျောင်းသူကျောင်းသားတော်တော်များများ လိုက်ဝတ်ကြပါသည်။ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ရဲ့ ကျောင်းတော်ကြီးဟာလည်း ကဗျာတစ်ပုဒ်နဲ့ ပိုတူလာတယ်….ကျောင်းတော်ကြီးက ကဗျာတစ်ပုဒ်ဆိုရင်….ဖြူပြာလေးတွေက..ကာရံလေးတွေဖြစ်မှာ ဧကန်ပါ။…ကျောင်းတွေပီးလို့ သိမ်းစည်းစရာ အမှတ်တရတွေမှာ ဖြူပြာဝတ်ဆုံလေး ထိပ်ဆုံးပါမှာ သေချာပါသည်။

နောက်ဆုံးတော့ ကျောင်းတော်ကြီးက ကျွန်တော်တို့ အ၀တ်စားဖိုးတွေ သက်သာအောင် အသိတရားတွေ သင်ပေးခဲ့ပါသည်။

မနက်ခင်းတိုင်း ကျွန်တော်နဲ့ မကွဲအတူ ရှိခဲ့တဲ့ ဖြူပြာလေးကို လွမ်းဆွတ်ရင်း သတိရစွာဖြင့်….

ကျွန်တော့်ရဲ့ဆောင်းပါးလေးဟာ မကောင်းခဲ့ရင်တောင် စာဖတ်သူ မိတ်ဆွေသူငယ်ချင်းတွေကို အပြုံးတစ်ပွင့် လက်ဆင့်ကမ်းနိုင်ရင်…ရေးရကျိုးနပ်ပါပြီ….

ကိုဇင်(IT)

1 comment:

  1. ကိုဇင်ရေ.....
    ဘာပဲဖြစ်ဖြစ် ကြည့်တတ်ရင် မြင်နိုင်ပြီး ယူတတ်ရင် တန်ဖိုးရှိပါတယ်။
    သေချာတာတစ်ခုကတော့ ကိုယ်တို့ ခေတ်ထက် ပိုမိုစည်းကမ်းကောင်းလာတယ်လို့ ထင်ပါတယ်။

    ReplyDelete