Friday, 1 October 2010

လက်ကမ်းစာစောင်(၁)

(ပြီးခဲ့တဲ့ ၈-၈-၁၀ မှာပြုလုပ်ဖြစ်ခဲ့သော ဒုတိယအကြိမ်မြောက် စင်္ကာပူရောက် ကျောင်းသားကျောင်းသူဟောင်းများ မိတ်ဆုံစားပွဲတွင် ဖြန့် ဝေခဲ့သော လက်ကမ်းစာစောင်ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ အဖွဲ့ ရဲ့  သမိုင်းဆိုလည်းဟုတ်၊ မှတ်တိုင်ဆိုင်လည်းဟုတ်ပါတယ်။ လောလောဆယ် အပိုင်းလိုက်တင်ပေးမှာဖြစ်ပြီး အားလုံးပြီးရင် ဒေါင်းလုပ်ဆွဲဖို့ PDF နဲ့ တင်ထားပေးပါမယ်။)

ဥယောဇဉ်

ဘုရား၊ တရား၊ သံဃာတော်မြတ်တို့ နှင့် တကွ မိခင်ဖခင် ဆရာသခင်တို့ အား ဦးထိပ်ပန်ဆင်လျှက် ဤအမှာစာကို ရေးသားအပ်ပါသည်။ ဤသို့ ရေးသားရာတွင် ပွင့်လင်းသောစိတ် ရိုးသားသောစိတ်နှင့်အတူ မိမိ အတတ်နိုင်ဆုံးသော အားထုတ်မှုစေတနာဖြင့် ကြိုးစားရေးသားပြီး အမှားအယွင်းအတိမ်းအစောင်းချွတ်ချော်မှုများ တစ်စုံတစ်ရာရှိခဲ့လျှင် စာရေးသူ၏ ချွတ်ယွင်းချက်သာဖြစ်ကြောင်း ကြိုတင်တောင်းပန်အပ်ပါသည်။

သစ်စေ့တစ်စေ့ သန္ဓေတည်ခြင်း (သို့ ) ၂၀၀၈ အစောပိုင်းကာလ

သစ်တစ်ပင်ဖြစ်ဖို့ ဖြတ်သန်းပုံအဆင့်ဆင့်ကိုစဉ်းစားကြည့်လျှင် သစ်စေ့တစ်စေ့(သို့ ) သန္ဓေတည်ခြင်းမှ စသည်လို့ ပြောလို့ ရပါသည်။ သို့ သော် သစ်စေ့မှ သစ်ပင်ဖြစ်ဖို့ ရာ ဖြစ်စဉ်ပေါင်းများစွာ ဖြတ်သန်းရသည်။      
ထိုအတွက် မြေဆီလွာ၊ မြေဩဇာ၊ ပေါင်းသင်ရေလောင်း၊ ကိုင်းထောက်ထူမ၍ လေဒဏ်မိုးဒဏ်ကြားမပြိုလဲအောင် အားထုတ်ရသည်။ အဆင့်တိုင်းကိုဖြတ်သန်းတိုင်းလည်း ဂရုတစိုက် လေ့လာဆန်းစစ်ရသည်။ ပိုးမွှား၊ တိရိစ္ဆာန် အန္တရယ်မှလည်း ကာကွယ်ရသည်။ ပင်နု၊ပင်ပျို၊ ထိုမှတဆင့် သက်တမ်းပေါင်းများစွာ ရှင်သန်နိုင်သော သစ်တစ်ပင် အဖြစ်သို့  ပြောင်းလဲရောက်ရှိချိန်ထိ တကယ်တမ်းတော့ ခက်ခဲပင်ပန်းလှပါသည်။
မည်သို့ ဆိုစေ စိတ်ကူးစေတနာတစ်ခုမှ စတင်မွေးဖွားပေးလိုက်သော သစ်စေ့ တစ်စေ့သည် ကျွန်တော်တို့ ရဲ့ ဘဝထဲ သန္ဓေတည်လို့  ရောက်ရှိနေခဲ့ပါပြီ။ နှမ်းတစ်စေ့ဖြင့် ဆီမဖြစ်ဘူးဟုဆိုသော်လည်း နှမ်းစေ့ပေါင်း များစွာရရှိဖို့  သဒ္ဓါတစ်ခုတည်းနဲ့  စုစည်းဖြစ်ခဲ့ပါသည်။
ထိုသဒ္ဓါကား “မိမိတို့ ၏ ဘဝတွင် ဆရာ၊ဆရာမများ၏ ကျေးဇူးတရားကို သိတတ်၍ တတ်နိုင်သမျှ ပြန်လည်ပေးဆပ်လိုသည့် ဆန္ဒ“ပင်ဖြစ်သည်။

ခြင်္သေ့ကျွန်းပေါ်ကဘဝ၊ ဘဝကိုယ်စီထဲက ဆန္ဒတစ်ခု

“ပျော်ရာမှာမနေရ တော်ရာမှာနေရ” ဆိုတဲ့ မြန်မာစကားပုံအတိုင်း လူအမျိုးမျိုး ဘဝအထွေထွေ အိပ်မက်ကိုယ်စီ သယ်ဆောင်လို့ ရေကြည်ရာမြက်နုရာအဖြစ် ခြင်္သေ့ကျွန်းပေါ် အကြောင်းအမျိုးမျိုးနဲ့  ရောက်ရှိ လာခဲ့ကြပါသည်။

တစ်ချို့ က အလုပ်သမားအဖြစ်၊ တစ်ချို့ ကပညာရှင်အဖြစ်၊ တစ်ချို့ ကအလည်အပတ်၊ တစ်ချို့ ကတော့ ကျောင်းတက်ရန် စသည်ဖြင့် ရောက်ရှိလာခဲ့ကြရာ မိခင်ကျောင်းတော် မော်လမြိုင် GTI ရင်ငွေ့  အတူတကွ ခုံလှုံခဲ့ကြဖူးသော သူငယ်ချင်းတစ်စု ၂၀၀၆ ခုနှစ် တိုပါးရိုးဘုန်းကြီးကျောင်း သင်္ကြန်တွင် အမှတ်မထင် ပြန်လည်တွေ့ ဆုံခဲ့ကြပြီး မိမိတို့ ၏ ရင်ဘတ်ထဲက ဆန္ဒတစ်စုံကို ဖွင့်လှစ်ပြခဲ့ကြသည်။
ဤကား “ မြန်မာနိုင်ငံရှိ မော်လမြိုင် GTI မှ ကျေးဇူးရှင် ဆရာ၊ဆရာမများအား မိမိတို့ စင်္ကာပူရောက် တပည့်များမှ နေ၍ တတ်နိုင်သလောက် အလှူငွေကြေးများ စုဆောင်းကောက်ခံပြီး လစဉ်စုပေါင်း ကူညီထောက်ပံ့ ပူဇော်ကန်တော့ကြရန်” ဖြစ်ပါသည်။

အမှန်တကယ်တွင် ထိုဆန္ဒမှာမူ စိတ်ကူးအဆင့်သာ ရှိ၍ စတင်ရန် သို့ မဟုတ် အကောင်အထည် ပေါ်လာရန် မှာကား မျှော်လင့်ချက် အနည်းအကျဉ်းသာ ရှိနေခဲ့သည်။ တကယ်တော့ ထိုအချိန်တွင် စင်္ကာပူရောက် ကျောင်းသား ကျောင်းသူဟောင်းများ မည်၍မည်မျှ ရှိမည်ကို မည်သူမျှ ရေရေ ရာရာမသိချေ။ မိမိတို့ အား မည်သူ မည်ဝါမှန်း မသိကြသော ပိုဂ္ဂိုလ်များထံမှ အလှူငွေထည့်ဝင်ဖို့ စည်းရုံးရန်မှာကား ဧရာမအခက်ခဲကြီး တစ်ခုပင် ဖြစ်ပါသည်။

သို့ သော်ငြားလည်း တစ်စုံတစ်ရာသော ဆန္ဒတွန်းအားကြောင့် လက်လှမ်းမီရာ နီးစပ်ရာ သူငယ်ချင်းများသို့  စုံစမ်းဖိတ်ခေါ်ရင်းနဲ့ စတင်ခဲ့သည်မှာ ၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်းတစ်ညနေတွင် City Hall ၌ ထပ်မံတွေ့ ဆုံဖြစ်ခဲ့၍ ငွေကြေးအနည်းငယ်စီစတင် စုဆောင်းကောက်ခံခဲ့ကြပါသည်။


ထို့ နောက် Clementi မြန်မာဘုန်းကြီးကျောင်းတွင်ပြုလုပ်ခဲ့သော ကျောင်းသားဟောင်း ကိုသန်းကျော်ဦး(Civil 97) နှင့် မစုမာဝင်း(Civil 97) တို့ ရဲ့ မင်္ဂလာဆွမ်းကျွေးအလှူနေ့ တွင် ထပ်မံ တွေ့ ဆုံခဲ့ ကြပါသည်။ ထိုနေ့ ကား ပထမဦးဆုံး ကျင်းပဖြစ်ခဲ့သော ဆရာကန်တော့ပွဲ ဖြစ်မြောက်ရေး အစည်းအဝေး တစ်ခု ဖြစ်ခဲ့ပါသည်။

ထိုအချိန်တွင် အလှူငွေအသင့်တင့်ရှိနေပြီး ကန်တော့ခံ ဆရာဆရာမများ ၆၀ ဦးခန့် စုံစမ်းရရှိပြီး ဖြစ်နေခဲ့ ပါသည်။ အမှန်မှာမှု စင်္ကာပူသို့ ရောက်ရှိနေကြသော ကျောင်းသားကျောင်းသူများ စုစည်းမိသလောက်မှာ GTI ၁၉၉၅ ခုနှစ်ဆင်းမှ ၂၀၀၀ ခုနှစ်ဆင်းအတွင်း ဖြစ်နေကြပြီး မိမိတို့ သိသော၊ လက်လှမ်းမှီခဲ့သော၊ မျက်မှန်းတမ်း မိခဲ့ ကြသော ဆရာဆရာမများကိုသာ ကန်တော့ခံစာရင်းတွင် ထည့်သွင်းနိုင်ခဲ့ကြပါသည်။

ထို့ အပြင် ဆရာဆရာမများအား မည်ကဲ့သို့ ရွေးချယ်၍ ကန်တော့ငွေမည်မျှ ပူဇော်လှူဒါန်းရမည်ကို ထိုအချိန်က သေသေချာချာ မဆုံးဖြတ်နိုင်ခဲ့ကြပါ။ ထို့ ကြောင့် ယာယီအားဖြင့် Civil, EC, EP, MP, MT နှင့် Academic   ဌာန (၆) ခုမှ ဆရာ၊ ဆရာမများ တစ်ဦးစီအလှည့်ကျ လှူဒါန်းကန်တော့ကြရန်နှင့် တစ်ဦးလျှင် စင်္ကာပူဒေါ်လာ ၁၂၀ (မြန်မာငွေကျပ် တစ်သိန်းဝန်းကျင်) အား လှူဒါန်းရန် ဆုံးဖြတ်ခဲ့ပါသည်။

အမှန်တကယ် တမ်းတော့ ကန်တော့ခံ ဆရာဆရာမများ ရွေးချယ်ရာတွင် ဦးနှောက်ခြောက်စရာ အခက်အခဲများ အနည်းငယ် ရင်ဆိုင်ကြရပါသည်။ အစည်းအဝေးသို့ တက်ရောက်လာကြသော သူငယ်ချင်းများတွင် မေဂျာအလိုက် နှစ်ယောက်မှ သုံးယောက်ခန့် စီသာ ပုံမှန်ရှိပါသည်။ ထိုသူများက ရွေးလိုက်သော ဆရာဆရာမများမှာ ဝါအရ၊ လုပ်သက်အရ၊ သင့်တော်၊ မသင့်တော်ဆိုသည်ထက် မေဂျာတိုင်းစုံလင်စေရန်နှင့် တစ်ခါတစ်ရံ အခြေနေအရ ဆက်သွယ်ရန်လွယ်ကူ သေချာသူများကိုသာ ဦးစားပေးဖြစ်ခဲ့ပါသည်။

ဤသို့ ဖြင့် ၂၀၀၈ခုနှစ် မေလတွင် အစည်းဝေးတစ်ကြိမ်ထပ်မံပြုလုပ်ပြီး ဆရာဆရာမ(၅)ဦးအား ရွေးချယ်ကာ ရန်ကုန်ရှိ ဆရာမဒေါ်ခင်ဝင်းမာထံသို့ ကောက်ခံရရှိသော အလှူငွေစတင်လွှဲပေးဖြစ်ခဲ့ပါသည်။ ဤနေရာတွင် ကျေးဇူးရှင် ဆရာမဒေါ်ခင်ဝင်းမာထံမှ အဖိုးမဖြတ်နိုင်သော အဆုံးအမများ အကူညီများ အကြံဥာဏ်များ၊ များစွာရရှိခဲ့ပါသည်။

Clementi မြန်မာဘုန်းကြီးကျောင်း 2008)
(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment