Wednesday, 24 November 2010

ကုသိုလ် ဆုံမှတ်များ

သီတင်းကျွတ်​ပွဲ​တော်​ကြီး​ပြီး​တော့ တန်ဆောင်မုန်း​တန်ဆောင်တိုင်​ဆီမီး​က မြိုင် တဲ့။ ကျွန်မ​တို့ ငယ်​ငယ်​ကတည်းက အ​မြဲ​ကြား​နေကျ ရေ​ဒီ​ယို သီချင်း​လေး​ပါ။ ဖြတ်​သန်း​ခဲ့​ရ​တဲ့ မွန်​ဂျီ​တီ​အိုင်​ရဲ့ ရက်စွဲ​တွေ​ထဲ​မှာ​လည်း တန်ဆောင်မုန်း တန်ဆောင်တိုင် ရောက်လာ​ရင် မေ​ဂျာ​အလိုက် ပဒေသာ​ပင် ကိုယ်စီ​နဲ့ ကျင်းပ​ခဲ့​ရ​တဲ့ ကထိန်သင်္ကန်း​ကပ်လှူ​ပွဲ​တွေ​က ဦး​ရွှေ​ရိုး ဒိုး​ပတ်ဝိုင်း​တို့​နဲ့ အတူတူ ရှိ​ခဲ့​ဖူး​တယ်။

ဒါ​ပေ​မယ့် တော်​ရာ​သင့်​ရာ အမိ​မြေ​ရဲ့ အဝေး​မှာ​တော့ အမိ​ကျောင်း​တော်​မှာ ဆုံ​ခဲ့​ရ​တဲ့ သူငယ်ချင်း​တွေ​နဲ့ ညီ​အကို​မောင်​နှမ တွေ​ရဲ့ ညီညွတ်​မှု​ကို ပဲ အားကိုး​ပြီး ကျွန်မ​တို့​ရဲ့ မ​မေ့​နိုင်​မယ့် အမှတ်တရ ကုသိုလ်​လေး​တွေ​ကို​ပဲ(နေရာ​အနှံ့ အပြား​မှာ ရောက်​နေ​တဲ့ သူငယ်ချင်း​များ​ပါ ) မျှဝေ ကြည်နူး​ကြ​ရ​ပါ​တယ်။


၂​၀​၁​၀ ခု​နှစ် နိုဝင်ဘာ​လ ​၇ ရက်​နေ့ တို​ပါးရိုး မြန်မာ​ဗု​ဒ္ဒ​ဘာသာ ကျောင်း​တော်​ကြီး။

အမိ​မြန်မာ​ပြည်​ရဲ့ ရွေး​ကောက်​ပွဲ​ကို စိတ်​မ​ဝင်စား​နိုင်​အား​ပဲ ကျွန်မ​တို့ မွန်​ဂျီ​တီ​အိုင် ကျောင်း​သူ​ကျောင်းသား​ဟောင်း တစ်​စု မနက်​မိုး​မ​လင်း​ခင်​ကတည်းက အလုပ်​တွေ​ရှုပ်​နေ​ခဲ့​ရ​ပါ​တယ်။ ဒီ​နေ့​က ကျွန်မ​တို့ မွန်​ဂျီ​တီ​အိုင် ကျောင်း​သူ​ကျောင်းသား​ဟောင်း​များ​အဖွဲ့ (စ​င်္ကာ​ပူ) ရဲ့ ကထိန်သင်္ကန်း​ကပ်လှူ​ပူဇော်​ပွဲ​ပါ။

အဲ​ဒီ​ရက် မ​တိုင်​ခင်​က အလုပ်​မ​ရှုပ်​ဘူး​လား ဆို​တော့​လည်း ပဒေသာ​ပင်​သီး​ဖို့​ကိစ္စ​နဲ့ လူစု​ရ ဈေး​ဝယ်​ရ အစားအသောက်​မှာ​ရ နဲ့ မ​အားလပ်​ခဲ့​ကြ​ရ​ပါ​ဘူး။ ပြီး​တော့ အဖွဲ့​သူ အဖွဲ့​သား​အားလုံး​ကို ကျွေးမွေး​ဖို့ နဲ့ ပဒေသာ​ပင်​ရဲ့ ကုန်ကျ​စရိတ် အပြင် ကျောင်း​နေ ဆရာတော်​များ​အတွက် အလှူ​ငွေ​နဲ့ သင်္ကန်း အားလုံး​ပေါင်း ကုန်ကျ​မယ့်​စရိတ်​နဲ့ လက်ခံ​ရ​ရှိ​တဲ့ အလှူ​ငွေ လုံလောက်​ပါ့​မ​လား​ဆို​တဲ့ ပူပန်​စိတ် က​လည်း တ​မျိုး​ဖိစီး​ကြ​ရ​ပါ​တယ်။

အားလုံး​သိ​ပြီး​တဲ့​အတိုင်း ကျွန်မ​တို့ အဖွဲ့​နဲ့ ပတ်သက်​လို့ ဘယ်​လို​ပွဲ​မျိုး ဘယ်​လို​အခမ်းအနား​မျိုးပဲ စီစဉ်​ပါ​စေ မ​လောက်​ရင် အဓိက တာဝန်​ယူ​ပြီး လုပ်ကိုင်​နေကျ​တဲ့ ကျောင်းသား​ဟောင်း​တွေ​က နောက်ဆုံး တာဝန်​ခွဲ​ယူ​ကြ​ရ​တာ​မို့ အားလုံး​ကို​လည်း ဒီ​ထက်​ပို​ပြီး ဝန် မ​ပိ​စေ​ချင်​တော့​ပါ​ဘူး။ ဒါ​ပေ​မယ့် ကျွန်မ​တို့ တ​မိ​တည်း​သား​တွေ အ​တော် စေတနာ​ကောင်း​တယ် ဆို​တာ ဒီ​ကထိန်​ပွဲ​လေး​ရဲ့ ငွေ​စာရင်း​ရှင်း​တမ်း 7th November 2010.xls ကို ကြည့်​ပြီး​ရင် အားလုံး သာဓု မ​ခေါ်​ပဲ နေ​နိုင်​မယ်​မ​ထင်​ပါ​ဘူး။

သုံး​ကြိမ် တိုင်​ခဲ့​ပါ​ပြီ။

မွန်​ဂျီ​တီ​အိုင် ကျောင်း​သူ​ကျောင်းသား​တွေ​ရဲ့ စည်း​လုံး​ညီညွတ်​မှု​နဲ့ စေတနာ သဒ္ဒါတရား​တွေ​ပါ။

ကျွန်မ​တို့ မွန်​ဂျီ​တီ​အိုင် ကျောင်း​သူ​ကျောင်းသား​ဟောင်း​များ အဖွဲ့ (စ​င်္ကာ​ပူ) ရဲ့ ကိုယ်စား ကျေးဇူးတင်​စကား​လေး ပြော​ချင်​ပါ​တယ်။ ကျွန်မ​တို့ ဘာ​ပဲ​လုပ်​လုပ် အ​မြဲ​အားပေး​ခဲ့​တဲ့​အပြင် အ​ရောက်လာ​ပေး​ခဲ့​တဲ့ နောင်တော်​များ သာ​မက နောင်​လာ​နောက်​သား မောင်​ညီမ လေး​တွေ​ကို​ပါ ကျေးဇူး​အ​ထူး​တင်​ပါ​တယ်။

အားလုံး​က စည်း​လုံး​ညီညွတ်​တဲ့ စိတ်​ဓာတ် ထက်သန်​တဲ့ စေတနာ အ​ပြည့်​အဝ သက်သက်​နဲ့​သာ ပါဝင်​ခဲ့​တာ ဆို​ပေ​မယ့် အားလုံး​ရဲ့ ချစ်စရာ​ကောင်း​တဲ့ အဲ​ဒီ စိတ်​စေတနာ လေး​ကို​ပဲ ကျွန်မ ကျေးဇူးတင်​နေ​မိ​တယ်။ အထူးသဖြင့် အမျှ​ဝေ သာဓု ခေါ်​တဲ့​အချိန်​မှာ သူငယ်ချင်း​အားလုံး နဲ့ အတူတကွ ထပ်မံ​ပြီး ကုသိုလ်​ကောင်းမှု​တွေ လုပ်​နိုင်​ဦး​မယ့် အခွင့်အရေး​တွေ​ကို ကျွန်မ ထပ်​မျှော်လင့်​မိ​ပါ​တယ်။

အဖွဲ့​ကိုယ်စား
အေး​န​န္ဒာ​ဝင်း​မောင် (မြို့ပြ)

(Remark: Mon GTI/GTC/GTU ဆုံ​ဆည်း​ရာ​ဆို​ဒ်တွင် တင်​ထား​သော မန​န္ဒာ​ရဲ့​ပို့​စ်​ကို ခွင့်​မ​တောင်း​ပဲ တင်​လိုက်​ခြင်း​ဖြစ်​ပါ​သည်)

No comments:

Post a Comment