Thursday, 9 June 2011

စင်္ကာ​ပူ (သို့) ကို​စော​ဝေ​ရွတ်​တဲ့​ကဗျာ


 

(ကဗျာ​ဆရာ စော​ဝေ​ရွတ်​တဲ့ စ​င်္ကာ​ပူ​ဆို​တဲ့ ကဗျာ​လေး​ကို VOA မှာ နားထောင်​လိုက်​ရ​ပါ​တယ်။ ကဗျာ​ဆရာ​ဟာ စ​င်္ကာ​ပူ​ကို ခဏ​ရောက်​ပေ​မယ့် ကျွန်တော်​တို့​ရဲ့ ဝေဒနာ​တွေ၊ ရင်ခုန်​သံတွေ​ကို စာဖွဲ့​လိူ​က်​လိူ​က်​လှဲ​လှဲ​ကို ရွတ်​ဆို​သွား​တာ ကျွန်တော်​တောင်​ငို​ချင်​ပါသွား​တယ်။ သူငယ်ချင်း​များ အားလုံး​ပဲ ခံစား​ကြည့်​ဖို့​ဝေမျှ​လိုက်​ပါ​တယ်။)

ပြီး​တော့ အ​သံဖို​င်​ကို​လည်း ဒီ​နေရာမှာ​ရ​ယူ​နိုင်​ပါ​တယ်။


စ​င်္ကာ​ပူ……ဟိုး​တစ်​ချိန်​ကတော့ ငါ​တို့​ကို​တူ​အောင်​တု​မယ်​ဆို​တဲ့​မြို့

လေ​ဆိပ်​မှာ​ကတည်းက စည်းကမ်း​ကျ​တဲ့​အ​လှ​ကို​ငေး… နေ​စရာ​တွေ​ငေး…. နား​စရာ​တွေ​ငေး….

မ​လို​သူ​တွေ​က ပွဲစား​မြို့​လေး​တဲ့  ဒါ​ပေ​မယ့်..​သူ​ဟာ ကမ္ဘာ​လေး​တစ်​ခု​ပါ။

ဒီ​ကမ္ဘာ​လေး​ကို အစစ်၊ အတု​ခွဲ​ပြီး အ​လှ​ရှာ​မယ့် မြန်မာ​အဖေ​နဲ့​သမီး​ကို မ​သင်္ကာ​တဲ့​မျက်လုံး​နဲ့

ရန်ကုန်​ရေ….နင်​ဘယ်လောက်​ပြတ်​ကျန်​ခဲ့​ပြီ​လည်း ငါ​တို့​မ​ပြော​ရဲ့​တော့​ဘူး

တ​နေ့​တ​လံ​ပေါ့ စ​င်္ကာ​ပူ​ရယ်…။

သစ်ပင်​တွေ ပန်း​တွေ​က စနစ်​တ​ကျ​ပွင့်​ပြီး စနစ်​တ​ကျ ကြွေ​ရ​တယ်

လူ​တွေ​ရော ဒီ​လို​ပဲ​လား… တို့​အမျိုး​တွေ​အတွက် စိတ်ပူ​လိုက်​တာ

သုတ်သုတ်​သွား သုတ်သုတ်​လာ သုတ်သုတ်​စား သုတ်သုတ်​နား အလုပ်​တ​အား​လုပ်

လူ​ရောင်​စုံ​ကြား​ထဲ​မှာ အ​ပြုံး​မှာ​စေတနာ​ပါ​တာ မြန်မာ အမုန်း​ချင်း​ပြိုင်​ရင်​ရှုံး​နိမ့်​မှာ မြန်မာ

စ​င်္ကာ​ပူ​ရေ….ရေကြည်​ရာ​မြက်​နု​ရာ​ဆို​ပေ​မယ့် တို့​လူ​မျိုး​က ဂျစ်​ပ​ဆီ​တော့​မဟုတ်​ဘူး

မြေ​နဲ့​ရေ​နဲ့​ဇာတိ​နဲ့​လူ​မျိုး စ​င်္ကာ​ပူ​ရဲ့​ငါ​တို့​ကို​မင်း ဝမ်းစာ​ကြွေး​ထား​ရ​ပေ​မယ့်

မင်း​ကျန်းမာ​ရေး​မ​ထိခိုက်​စေ​ရအောင် မြန်မာ​တွေ​နေ​တတ်​ခဲ့​ပါ​တယ်။

ကမ်းခြေ changi village မှာ အပန်း​ဖြေ​တော့ ပက်လက်​လှန်​ပြီး မှောက်ခုံ​ပြန်​တဲ့ လေ​ယာဉ်​ပျံ​တွေ​ကြည့်​မိ

ပိုက်ဆံ​တွေ​တ​အား​ထားခဲ့​ရ​ပြီး ​ဥာ​ဏ်​ပညာ​တွေ​ဘယ်လောက်​ယူသွား​နိုင်​ပြီ​လဲ

ကိုယ်​က​နား​ပြီး စိတ်​က​မ​နား​နိုင်​ဘူး စလုံး​ရေ….။

ငါ​တို့​ဧရာဝတီ​ကို​ကျ နာ​ဂ​စ်​ဆို​တဲ့ နာမည်​လှ​လှ​လေး​နဲ့​ဘီလူးစီး​သ​လို ဝင်​မွှေ​သွား​တဲ့ ပင်လယ်​မက

စလုံး​ကျ​မှ စည်းကမ်း​တ​ကျ ညင်သာ​နေ​တာ ငါ မ​ခံစား​နိုင်​ဘူး။

အီ​ကွေ​တာ​အောက်​က​မြို့​ကလေး ပွင့်​သ​မျှ​ပန်း​တွေ​မ​မွှေး​ဘူး

မင်း​ရဲ့​ကောင်း​သ​တင်း​ကတော့ မွှေး​မြ​ပါ​တယ် ငါ​တို့​များ​ကျ​တော့ ဘယ်​တော့​မွှေး​မ​လဲ…။

တို့​မြေ​မှာ သာ​ရေး​နာ​ရေး​တောင်​တွေ့​ဖို့​မလွယ်​တဲ့​အမျိုး​တွေ သူငယ်ချင်း​တွေ

ပင်​နီ​ဇွဲ​လား​ပ​လာ​ဇာ​မှာ အစုံ​တွေ့​ရ

ပေး​ဖို့​လား၊ ရ​ဖို့​လား၊ အသာ​စံ​ဖို့​လား အနာ​ခံ​ဖို့​လား

တို့​မြန်မာ​တွေ အလကား​မဟုတ်​ဘူး​နော်

စ​င်္ကာ​ပူ….ခင်ဗျား​ကြီး​အရိပ်​မှာ လွတ်လပ်​စွာ ကျန်းမာ​ချမ်းသာ​ထား​ပါ။

ပြော​စရာ​ရှိ​လို့​သာ ပြော​ရ ပြော​ဖို့​မ​လို​ပါ​ဘူး

အိမ်​လည် ဧည့်သည် မ​ပူ​ရအောင်​ထား​ပေး​တော့ စ​င်္ကာ​ပူ​ရေ.. ကျေးဇူး​ပါ။

အဲ​ဒီ​လို ကျေးဇူး ကိုယ့်​တိုင်း​ပြည်​ကို​လည်း ကျေးဇူးတင်​ချင်​လိုက်​တာ။

စ​င်္ကာ​ပူ​က​မြန်မာ​တွေ​အားလုံး မ​လွမ်း​ဘူး​ပြော​တဲ့​သူမ​ရှိ​ဘူး

အားလုံး….မ​ကြိုက်​ဘူး​ပြော​တဲ့​လူ​ချည်း​ပဲ၊ ကျွန်တော်​လည်း​မ​ကြိုက်​ပါ​ဘူး

ဒါ​ပေ​မယ့် “အဲ​ဒါ ​ရှော့​ရှိ​တယ်” အမှန်​ကို​လည်း​ပြော​မ​ရ အမှား​ကို​လည်း​ပြော​မ​ရ

သတ္တိရှိ​လို့​ပြော​ပြန်​ရင်​လည်း အမုန်းခံ​ရ၊ ကြာ​လာ​တော့ သတ္တိရှိ​လာ​မှာ​တောင်​ကြောက်​ရ

“ဆရာ…အသစ်​နဲ့​အဆင်​ပြေ​လား..​ဟင်”

“ကျွန်တော်မ​ပြန်​နိုင်​တာ သုံး​နှစ်​ရှိ​ပြီ”

“အိမ်​က​ပိုက်ဆံ​သိန်း​တစ်​ရာ​သုံး​ပြီး​ထွက်​လာ​တာ အခု​ထိ​မ​ကျေ​သေး​ဘူး”

“ကျွန်တော်​ကွန်ပျူတာ​နဲ့​ဘွဲ့​ရ​လာ​တာ အခု​ဒီ​ဟော်​တယ်​မှာ​တော့ waiter ပေါ့”

“ပိုက်ဆံ​မ​ကြေ​သေး​တော့ မိသား​စု​ကို​မျက်နှာ​ပူ​လို့”

“သင်္ကြန်​မှာ ပိတောက်​တွေ​ပွင့်​လား…ဟင်”

စလုံး​မှာ​မေး​တဲ့ စကား “ မင်း..​ပြန်လာ​မှာ​သိပ်​စိုးရိမ်​တာ​ပဲ”

“အဆင်​ပြေ​လား” ဆို​တဲ့ မင်း​ရဲ့​မေးခွန်း​က

သင်္ကြန်​မှာ ပိတောက်​မ​ပွင့်​သ​လို​ပဲ ငါ့​ရင်​ကို ပြာ​ကျ​စေ​တယ်။

ငါ​တို့​က​အခု​ချိန်​ထ ညံ့​နေကျ​သေး​တာ​ကိုး “ခွင့်လွှတ်​ပါ​သား​လေး​ရယ်”။

လူကြီး​တွေ​က “ပြည်​ပ​နိုင်ငံ​ကို​အထင်​မ​ကြီး​နဲ့” တဲ့

ပြည်​ပ​ကို​ရောက်​နေ​ကြ​တဲ့​မြန်မာ​ပြည်​ဖွား​တွေ​အားလုံး​ဟာ

ပြည်​ပ​ကို​အထင်ကြီး​လို့​ရောက်​နေ​ကြ​တာ​မဟုတ်​ဘူး

ကိုယ့်​တိုင်း​ပြည်​မှာ အထင်​သေး​စရာ​နဲ့​အဆင်​မ​ပြေ​မူ​တွေ​ပဲ​နေ့​တိုင်း​တွေ့​နေ​ရ​လို့

“ပြည်​ပ​ရောက်​မြန်မာ​တွေ​ရဲ့​တုန့်​ပြန်​မှု” အဲ​ဒီ​လို​တော့​မ​ပြော​ပါ​နဲ့

ကျွန်တော်​က​ပြည်​တွင်း​မှာ​ပဲ​နေ​သူ​ဆို​တော့ ခံ​ရ​ခက်​တယ်

တကယ်​က​ဘာ​မ​ဆို​ခွဲဝေ​ယူ​ကြ​ပါ​တယ် ကိုယ်​တွေ​တော့ လုံး​ဝ…လုံး​ဝ​မ​ပါ​ဘူး ။

MRT ရထား​ပေါ်​မှာ iphone ဖွင့်​လိုက်​တာ​နဲ့​ကမ္ဘာ​ကြီး​က ကိုယ့်​ရှေ့​ရောက်လာ

မြန်မာ​တွေ​မ​ညံ့​ပါ​ဘူး…. စ​င်္ကာ​ပူ​မှာ​ပေါ့

မြန်မာ​ပြည်​မှာ​တော့ ကဗျာ​ဆရာ​အပါအဝင် အားလုံး​ညံ့​နေ​သေး​တယ်။

‘အမှန်​တရား​ကို​ချစ်တယ် သတ္တိ​မ​ရှိ​ဘူး” “သတ္တိ​မ​ရှိ​ရင် အမှန်​တရားမ​ရ​နိုင်​ဘူး”

လူ​တစ်​ချို့​က​မိုက်ရိုင်း​ရဲ​ရင် လိမ်​ရဲ​ရင်​အာဏာ​ရ​မယ်၊ အာဏာ​ရ​ရင်​ရူး​မယ်

ပိုက်ဆံ​ချမ်းသာ​မယ် ဒါ​ဆို​လုပ်​ချင်​ရာ​လုပ်​မယ်

လူ​များ​လို့​နိုင်​ပေ​မယ့် မ​မှန်​ရင်​မ​နေ​ပါ​နဲ့ လူ​နည်း​ပြီး​ရှုံး​ပေ​မယ့် မှန်​ရင်​နေ​ကြ​ပေး​ပါ။

ဒီ​လို​ပညာ​နဲ့​ဒီ​လို​လုပ်​ရည်​ကိုင်​ရည်​နဲ့​ဒီ​လောက်​လွမ်း​နေ​တာ

မ​လွမ်း​ရအောင်​မြန်မာ​ပြည်​က​သူဌေး​တွေ​ဆီ​မှာ​ပြန်လာ​လုပ်​ပါ​လား​ဆို​တော့

စလုံး​ရောက်​မြန်မာ​ဆရာဝန်​တစ်​ဦး​က “စ​င်္ကာ​ပူ​က​သူဌေး​ကလူ​ကို​လူ​လို​တန်ဖိုး​ထား​တယ်

မြန်မာ​ပြည်​က​သူဌေး​က လူ့​တန်​ဖို့​နား​မ​လည်​တဲ့​ပေါင်း​စား​တွေ​ချည်း​ပဲ” တဲ့

ကျွန်တော်​ဘာ​ပြန်ပြော​ရ​မှန်း​မ​သိ​ဘူး ဘယ်​တော့​မှ​ပြော​နိုင်​မှန်း​လဲ​မ​သိ​ဘူး။

သေသေချာချာ​ပြော​နိုင်​တာ​ကတော့ ပြည်​ပ​ရောက်​မြန်မာ​တွေ​အားလုံး​ကို

ပြည်​တွင်း​က​မြန်မာ​တွေ​အားလုံး​က ရင်​တွေ​ပြာ​ကျ​လောက်​အောင်​လွမ်း​နေ​ကြ

ဒီ​ထဲ​မှာ အမေ​တွေ​က​ပို​ဆိုး​တာ​ပေါ့။

ရန်ကုန်မြို့​က အင်​တာ​နက်​ဆိုင် ဂျီ​တော့​မှာ မျက်ရည်​တွေ​ချည်း​ပဲ

အမေ​တွေ​ကျ​ခဲ့​တာ​လေ……

စ​င်္ကာ​ပူ​က အဖြူ​အမဲ​အညို ဘယ်​သူ​နဲ့​ပြော​ပြော အလွမ်း​နဲ့​စ​ပြီး အလွမ်း​နဲ့​ဆုံး​တော့

စ​င်္ကာ​ပူ​ဆို​တာ အလွမ်း​တွေ​စု​နေ​တဲ့ အလွမ်း​မြို့​ကြီး​လား​ထင်​ရ​တယ်။

ဘယ်​သူ​မှ​တော့​မျက်ရည်​မလွယ်​ပါ​ဘူး မင်းသား​မင်းသမီး​မှ​မဟုတ်​တာ

အလွမ်း​က​တွန်း​ထုတ်​လိုက်​တော့ မျက်​ဝ​နး​တာ​ကျိုး​ရ​တာ​ပေါ့။

ချစ်​သူ​ကို​လည်း​ချစ်တယ် အဖေ​အမေ​ကို​လည်း​ချစ်တယ်

မောင်​နှမ​ကို​လည်း​ချစ်တယ် ဇာတိ​ရပ်​ရွာ​ကို​လည်း​ချစ်တယ်

တကယ်​ဆို​ချစ်​ရက်​သား​နဲ့​ဘာ​လို့​ခွဲ​ရက်​တာ​လဲ။

သုခ​နဲ့​ဒုက္ခ​ပေါင်း​ထား​တဲ့ စ​င်္ကာ​ပူ​ရဲ့​မာယာ​မှာ ငါ​တို့​အားလုံး​နစ်​ခဲ့​ရ​ပြီ

တစ်​ချို့​ပြော​ရွှင်​စွာ​နစ်၊ တစ်​ချို့​ဝမ်းနည်း​စွာ​နစ်၊ မြန်မာ​ပြည်​ကြီး​တော့ ချစ်​ကြ​တဲ့​သူ​တွေ​ချည်း​ပဲ

ကဲ​အားလုံး ….ကမ္ဘာ​မ​ကြေ မြန်မာ​ပြည် ဒါ​တို့​ပြည် ဒါ​တို့​မြေ တို့​ပိုင်​တဲ့​မြေ

စ​င်္ကာ​ပူ​ရေ…စ​င်္ကာ​ပူ​ရေ့…..တို့​လူ​မျိုး​ကို​ချစ်​ပါ အမှန်​တရား၊ ရိုးသား​မှု​နဲ့​မြန်မာ​တွေ​ပါ။

(ဒါ​တို့​ပြည် ဒါ​တို့​မြေ တို့​ပိုင်​တဲ့​မြေ ဒါ​တို့​မြေ ဒါ​တို့​ပြည် တို့​ပိုင်​တဲ့​မြေ)

ကဗျာ​ဆရာ စော​ဝေ
Digg This

No comments:

Post a Comment