Friday, 8 July 2011

ကျွန်တော့်​ဘဝ​ရဲ့​ဇူလိုင်(၇)


 

 လွန်ခဲ့သော လေး​နှစ်​တိတိ​က ကောင်​လေး​တစ်​ယောက်​ရဲ့​ခရီး​ဟာ မ​ပြီး​ဆုံး​သေး​တဲ့ ရာဇာ​ဝင်​တွေ ရေး​ထွင်း​ဖို့​ဒီ​နေ့​တည့်​တည့်​မှာ စတင်​ခဲ့​တယ်။ အိပ်မက်​တွေ ရင်ဘတ်​ထဲ​အ​ပြည့် ဖြည့်​သိပ်ထား​တာ​က​လွဲ​ရင် ဗလာ​ဟင်းလင်း။ ဒါ​ပေ​မယ့် မျှော်လင့်​ခြင်း​တွေ ပိုက်​ထွေး​လို့ အစိမ်း​ရောင် အခင်းအကျင်း​တွေ​နဲ့​စစ်ခင်း​ဖို့ သူ​ထွက်​လာ​ခဲ့​တယ်။ မွေး​ဖွား​ရာ မြေ​ကို​စွန့်​ပြီး​လေ။
နှလုံးသား​တစ်ခြမ်း​က ကိုယ်​ထု​ဆစ်​ချင်​ခဲ့​တဲ့ ဘဝ​အတွက်​ဆို​ရင်
ကျန်​တစ်ခြမ်း​က ကိုယ်​ပြန်​လင်း​စေ​ချင်​တဲ့ သူ​တွေ​အတွက်​ဖြစ်​မယ်။

ကျန်​နေ​ခဲ့​တဲ့ မြေကြီး​က ကျွန်​တော့်​ကို မ​ဆုံးရှုံး​ဖို့​ဆုတောင်း​ပေး လေ​ရဲ့။ သူ​တို့​ရဲ့​ငို​ရှိုက်​ဝမ်းနည်း​နေ​မှု​တွေ​ကို တစ်​နေ့​ကျွန်​တော့် လက်​စို​တွေ​နဲ့ ဖြေ​သိပ်​ပေး​ချင်​တယ်။ သူ​တို့​က ကျွန်​တော့်​ကို မ​ဆုံးရှုံး​ချင်​သ​လို သူ​တို့​ကို​လည်း ကျွန်တော်မ​ဆုံးရှုံး​ချင်​ဘူး။ ဒါ​ဟာ ရိုး​ရိုးသား​သား ပြတ်သား​မှု ဖြစ်​တယ်။
တကယ်​တော့ လေ​ယာဉ်​ပျံ​သယ်​ဆောင်သွား​ခဲ့​တာ
ကျွန်​တော့်​ရဲ့ ကိုယ်​ခန္ဓာ​သာ ဖြစ်​တယ်။
စိတ်​ဓါတ်​ကို​တော့ ခေါ်​ဆောင်သွား​လို့​မ​ရ​ဘူး။
ဒါ​ပေ​မယ့် ရှင်​သန်​ရ​မယ့် ဘဝ​သစ်​ဟာ မ​သိ​ကိန်း​တွေ​များ​လွန်း​လှ​တဲ့ ပုစ္ဆာ​တစ်​ပုဒ်​လို​ပါ​ပဲ။ ကိုယ့်ကို​ကိုယ် တည်ကိန်း​ထား​ပြီး အဖြေ​မ​ထွက် ထွက်​အောင် အား​တင်း​တွက်​နေ​ရ​တာ။ တစ်​ခါ​တစ်​လေ ထိုး​ကြွေး​လိုက်​ရ​တာ​လည်း ရှိ​လေ​ရဲ့။
ဒါ​ကြောင့် ဘဝ​သစ်​ဟာ ဖြစ်​တည်​မှု​အသစ် မဟုတ်
ကစား​ပွဲ အသစ်​တစ်​ခု​သာ ဖြစ်​တယ်။
ယဉ်ကျေး​မှု၊ လိုက်​လျှော​ညီ​ထွေ ဓလေ့​ထုံးစံ၊ ဆက်​သွယ်​မှု ကိရိယာ၊ လူ​နေ​မှု​စ​တိုင်​သစ် ဒါ​တွေ​အားလုံး​ဟာ ကျွန်​တော့်​ကို ​ရှော့ ဖြစ်​စေ ခဲ့​တာ​လား။ ဒီ​ကစား​ပွဲ​မှာ ဒီ tools တွေ မကို​င်​တတ်​ရင် ခွက်​ခွက်​လန်​ရှုံး​ပြီး​သာ​မှတ်။ တကယ်​တော့ အခွံ​တွေ​ကို​သာ ယစ်​တွယ်​နေ​သော ဒီ​အသိုင်းအဝိုင်း​ကို ကျွန်တော်​မုန်းတယ်။ ဒီ​လို​နဲ့ အမုန်း​ကို လူ​မ​သိ သူမ​သိ ရင်ဘတ်​ထဲ တိတ်​တိတ်​ခိုး စိုက်ပျိုး​ပြီး ဒီ​ပွဲ​ကို အရှုံး​မ​ရှိ​အောင် အ​လှ​ဆုံး​ကြိုးစား​ပြီး​ကစား​နေ​ရ​တယ်​လေ။
စိုက်ပျိုး​ရင် ရှင်​သန်၊ ရှင်​သန်​ရင်း​စိုက်ပျိုး၊
ဒီ​လို​နဲ့ တစ်​မိုး​ပြီး​တစ်​မိုး ထပ်ထပ်​လင်း​ရော့။
ရင့်​ကျက်​မှု​နဲ့ လမ်းလျှောက်​ခွင့်​ရ​နေ​ဖို့ စမ်းသပ်​ခြင်း ဓါတ်​ခွဲ​ခန်း​ထဲ ဝင်​လိုက်​ထွက်​လိုက်​နဲ့​လေ။ ဒါ​ပေ​မယ့် နောက်ထပ် မျှော်လင့်​ချက်​တစ်​ခု ထပ်​ပျိုး​မိ​တယ်။ ရိုး​ရိုး​လေး​ပါ။ ရွှေ​ပြည်​တော်​ပြန်​တဲ့ တစ်​နေ့ ကျွန်တော်​စိုက်ပျိုး​တဲ့​အတိုင်း ပြန်​ရိတ်​သိမ်း​ခွင့်​ရ​ချင်​ပါ​တယ်။
ကောင်းကင်​မှာ အလင်း​သစ်​တွေ ဖြာ​ခင်း​သော တစ်​နေ့
ထို​တစ်​နေ့​ကျ​ရင်​ပေါ့………
၂​၀​၀​၇ ခု​နှစ် ဇူလိုင်(၇) အမှတ်တရ
(နှစ်​တိုင်း နှစ်​တိုင်း ဒီ​နေ့​ရောက်​ရင် ပြန်​ဖတ်​မိ​တဲ့ အက်​ဆေး​တစ်​ပုဒ်​ပါ။ ဒီ​စာရေး​ခဲ့​တဲ့ ​၂​၀​၀​၇၊ ​၂​၀​၀​၈ ခု​နှစ်​လောက်​တုန်း​က စိတ်​နဲ့​အခု​လက်​ရှိ​စိတ် ကွာ​ခြား​သွား​တာ တွေး​လိုက်​မိ​ပါ​တယ်။ ဒါ​က​လည်း ရွှေ​ပြည်​တော်​ပြန်​ဖို့​နေ့​ရက်​တွေ ပို​ဝေး​ဝေး​သွား​လို့​များ​လား မ​သိ​ပါ​ဘူး။ ​ဘု​ရင့်​နောင် ဖောင်​ဖျက်​သ​လို​မျိုး​လို့​သူငယ်ချင်း​တစ်​ယောက်​က ပြော​ဖူး​တယ်။ တကယ်​တော့ ကျွန်တော်​ဖောင်​တောင် မ​ဆောက်​ရ​သေး​ပါ​ဘူး။ ဒါ​ပေ​မယ့် လွန်​ခဲ့​တဲ့ ​၂​၀​၀​၇​ခု​နှစ် ဇူလိုင်(၇) ညနေခင်း​မှာ​တော့ စ​င်္ကာ​ပူ​မြေ​ကို စတင်​ခြေ​ချခဲ့​ပါ​တယ်။)

No comments:

Post a Comment