Sunday, 14 August 2011

ရာဇဝင်​များ​ရဲ့​သတို့သမီး... ဧရာဝတီ​ကို ချစ်​ခဲ့​သူ

 

(အခု ​တ​လော ဧရာဝတီ​နဲ့​ပတ်​သတ်​တဲ့​သ​တင်း​တွေ ဆက်တိုက်​ဆို​သ​လို ဖတ်​နေ​ရ​တယ်။ တစ်​ချိန်​တည်း​မှာ​ပဲ ကို​ငှက်​ရဲ့"ရာဇဝင်​များ​ရဲ့​သတို့သမီး" ကို​သတိရ​ပြီး ကို​ငှက်​ကို လွမ်း​မိ​သေး​တယ်။ ပြီး​ခဲ့​တဲ့ (၅)ရက်​နေ့​တုန်း​က တာရာ​မင်း​ဝေ အမှတ်တရ​ဖြစ်​ခဲ့​သ​လို အခု ဒီ(၁​၄)ရက်​နေ့​မှာ​လည်း ကို​ငှက်​အမှတ်တရ ဖြစ်​နေ​တယ်။ ဧရာဝတီ​လှိုင်း​က​လည်း ပြင်းထန်​နေ​တော့ တစ်​ခု​ခု​တော့ ရေး​ချင်​စိတ်​ပေါ်လာ​တယ်။ ဒီ​လို​နဲ့ ဘာ​ရေး​ရ​ကောင်း​မ​လဲ​လို့​စဉ်းစား၊ စာ​ဖတ်​တွေ​လိုက်​ဖတ်​နေ​ရင်း​နဲ့ မ​မျှော်လင့်​ပဲ Eleven Media မှာ ကို​ငှက်​နဲ့​ပတ်​သတ်​တဲ့ ဆောင်းပါး​တစ်​ပုဒ်​ဖတ်​လိုက်​ရ​တယ်။ ပုံ​မှန်​ဆို​ရင် ကို​ငှက်​အကြောင်း​ကို ဧရာဝတီ​ခေါင်းစဉ်​တပ်​ပြီး အ​ထူး​အ​ထွေ ပြော​စရာ​မ​လို​ပါ​ဘူး။ အချိန်​အခါ​အရ​တင်​လိုက်​တဲ့ Eleven Media ရဲ့​အစွမ်း​ကို သဘော​ကြ​ပြီး အားလုံး​အတွက် ဝေမျှ​လိုက်​ပါ​တယ်။)
ရာဇဝင်​များ​ရဲ့​သတို့သမီး (ထူး​အိမ်​သင်)


ရာဇဝင်​ဟောင်း​ရဲ့ သင်္ချိုင်း​ရာ
ရာဇဝင်​သစ်​တို့ မွေး​ဖွား​ရာ
ရွှေရောင် နေ့​သစ်​များ အတွက်
ရင်ခုန်​သူ​တို့​ရဲ့ သီချင်း​တွေ
ပျို​မြစ် စိမ်းလန်း​ရေး အတွက်
ယုံကြည်​သူ​တွေ အသက်​နဲ့
ထု​ဆစ်​ခဲ့​တဲ့ အိပ်မက်​များ
ဧရာဝတီ . . . .
ရာဇဝင်​များ​ရဲ့ သတို့သမီး ငါ​တို့​ရဲ့​မိ​ခင်
ဧရာဝတီ . . . .
ရာဇ​င်​ဝင်​များ​ရဲ့ သတို့သမီး ငါ​တို့​ရဲ့ ဝိညာဉ်
ဧရာဝတီ . . . .

ဧရာဝတီ​နှင့် ပတ်သက်​၍ စာ​များ​စွာ ရှိ​ခဲ့​ဖူး​သည်။ ထို​စာ​များ​ထဲ​၌ ဆရာ​တိုက်​စိုး​၏ 'ဧရာဝတီ'ကို ပထမ​ဆုံး ဖတ်​ရှု​ခဲ့​ရ​ဖူး​သည်။ 'ယဉ်​ဧရာ ဖြူ​ဖြူ​ဖွေး​ရယ်​က၊ တောင်​ဘေး​မှာ ခွေ​ကာလ​ည်​တော့၊ ခရီးသည် ဟို​အကွေ့​ကို​ဖြင့်၊ ကျော်​၍​သာ မ​မြင်​သော်​လဲ့ မျှော်​၍​သာ အထင်​ဖြင့်​လှ​ခဲ့​ပေါ့။' ဆရာ​ဇော်ဂျီ​၏ ကဗျာ​ဖြင့် ဧရာဝတီ စာ​မျက်နှာများ​ကို ဆရာ​တိုက်​စိုး​က စတင် ရေးသား​ခဲ့​ပါ​သည်။ နောက်ထပ် ဖတ်​ခဲ့​ရသ​ည်​က ဆရာ​ဗန်း​မော်​တင်​အောင်​၏ 'မြစ်​ဧရာ​ပေါ်​ဝယ်' ဖြစ်​ပါ​သည်။

ဧရာဝတီ​အကြောင်း ဖွဲ့​သီ​သော သီချင်း​များ​၌ ခင်​ဝမ်း​၏ ဧရာဝတီ​က ကာလ​အတန်​ကြာ ဖြတ်​သန်း စီး​ဆင်း​ခဲ့​ဖူး​သည်။ ယနေ့​ထိ​တိုင် စီး​ဆင်း​နေ​ဆဲ။ 'အေးမြ​တဲ့ မြောက်လေ​ကြော​င်း​ကို​ဆန်​ပြီး ပျံ​သန်း​ခဲ့​တဲ့၊ ငှက်ကလေး​တွေ၊
အလင်း​ရောင် မ​ရှိ​မဲ့ ရှိ​မဲ့၊ ခရီး ဝေး​ကို ပျံ​သန်း​ခဲ့​ရ​လို့ ပင်ပန်း​ခဲ့​ပြီ​လား၊ ခရီး​ဖော် အပေါင်းအသင်း​တွေ​နဲ့ မိုး​မ​ချုပ်​မီ အိမ်​ကို​ပြန်​ခဲ့​ပြီ၊ ဧရာဝတီ၊ ဧရာဝတီ၊ ဧရာဝတီ'။

၁​၉​၉​၁ ခု​နှစ် အချိန်။ ထူး​အိမ်​သင်​၏ 'အတ္တ​ပုံဆောင်​ခဲ​များ' အယ်​လ်​ဘ​မ် ထွက်​ရှိ​လာ​ခဲ့​သည်။ 'အတ္တ​ပုံဆောင်​ခဲ​များ' မှာ ထူး​အိမ်​သင် ကိုယ်တိုင် အ​ကြိုက်​ဆုံး​ဟု ပြောဆို​ခဲ့​သည့် အယ်​လ်​ဘ​မ် ဖြစ်​သည်။ ထို​အယ်​လ်​ဘ​မ်​၌ 'ရာဇဝင်​များ​၏ သတို့သမီး' ပါလာ​ခဲ့​ပြီ။ ခင်​ဝမ်း​၏ ဧရာဝတီ​ကဲ့သို့ ချိုမြ​မှု​နှင့် အ​ဆွေး​ဓာတ်​ခံ နိုး​ထ​အောင် သယ်​ဆောင်​မ​သွား​ခဲ့​ပေ။



ထူး​အိမ်​သင် နောက်​ပိုင်း​၌ ဇော်​ဝင်း​ထွ​ဋ်​က​လည်း ဧရာဝတီ အကြောင်း သီချင်း​သီ​ဆို​ခဲ့​သည်။ 'ဧရာဝတီ​ရယ် စီး​ဆင်း​ပါ... မျှော်လင့်​ချက်​ကမ်းခြေ​ထဲ ငါ​လေ အ​ရောက်​သွား​မ​လို့၊ လမ်းပြ​လှည့်​ပါ'။ 'သက်​ရှိ​မြစ်' အမည်​ဖြင့်
လေး​ဖြူ​က​လည်း ဧရာဝတီ​ကို ဖွဲ့​ဆို​ခဲ့​ပြန်​သည်။
မည်​သည့် အခြေအနေ​သို့ ရောက်​ရှိ​နေ​သည်​ဖြစ်​စေ နိုင်ငံ​နှင့် လူ​မျိုး၊ လူ့​အဖွဲ့​အစည်း​အပေါ် တန်ဖိုး​ထား​သည့် စိတ်။ ထို​စိတ်​ဓာတ်​များ ထုထည်​ကြီးမား​နေ​ဆဲ ဖြစ်​သည့် မျိုး​ဆက်​၌ ထူး​အိမ်​သင် ဖြတ်​သန်း​ခဲ့​ပါ​သည်...

လူ​တစ်​ဦး​၏ ယုံကြည်​ချက်​နှင့် ခံယူ​ချက်​က ထို​သူ လုပ်ဆောင်​သ​မျှ အရာ​အားလုံး​၌ ထင်​ဟပ်​မှု ဖြစ်​စေ​ပါ​သည်။ 'ရာဇဝင်​များ​ရဲ့ သတို့သမီး' ကို ရေးသား​ချိန်​၌ ထူး​အိမ်​သင်​၏ အသက်​မှာ ​၂​၇ နှစ် အရွယ်​ခန့်​သာ ရှိ​သေး​သည်။

ဧရာဝတီ​၏ သာမန်​ဇာ​စ်​မြစ်​ကို ဖော်​ကျူး​ခဲ့​ခြင်း မဟုတ်။ အမျိုးသား​ရေး စိတ်​ဓာတ်​နှင့် နိုင်ငံ​အတွက် ဂုဏ်​ယူ​လို​စိတ် ပြည့်​နှက်​နေ​သော လူ​ငယ်​တစ်​ဦး​၏ နှလုံးသား စည်း​ချက်​များ​ကို တွေ့​ရှိ​ခဲ့​ပါ​ရသ​ည်။ ပုဂံ​သို့ ရောက်​ရှိ​ခဲ့​စဉ် အချိန်၊ ကန်တော့​ပလ္လင် ဘုရား​ထက်​မှ ဧရာဝတီ​မြစ်​ကို ကြည့်​ရင်း ထို​သီချင်း​ကို ထူး​အိမ်​သင်​က ရေးသား​ခဲ့​ခြင်း ဖြစ်​ပါ​သည်။

''မြန်မာ​တွေ အဲ​ဒီ​အချိန်​က တိုးတက်​ခဲ့​တယ် ဆို​တာ လက်ရုံး​ရည်​ရော၊ နှလုံးရည်​ရော ရှေး​မြန်မာ​ကြီး​တွေ ဘယ်​လို​ဘယ်​လို ခက်ထန်​ကြံ့ခိုင်​တဲ့၊ အား​ကောင်း​တဲ့ နှလုံးသား​တွေ​နဲ့ ဘယ်​လို​ပျော့​ပျောင်း​တဲ့ နှလုံးသား၊ ဘယ်​လို​သိမ်မွေ့​တဲ့ ခံစား​ချက်​တွေ​နဲ့ ဧရာဝတီ​မြစ်​ဝှမ်း​နယ်​မှာ ကျွန်တော်​တို့ ခု​ခေါ်​နေ​တဲ့ မြန်မာ​နိုင်ငံ​ကြီး​ကို ဘယ်​လို တည်ဆောက်​ခဲ့​ကြ​တယ် ဆို​တာ ကျွန်တော်​တို့ ရင်​ထဲ​မှာ အရမ်း​ကို အံ့ဩ​ပြီး လေး​လည်း​လေးစား​မိ​တယ်။ ရှေး​မြန်မာ​ကြီး​တွေ​အပေါ် အရမ်း​ကို ကြည်ညို​တဲ့​စိတ်၊ ကျွန်​တော့် ရင်​ထဲ​မှာ ပြင်းပြ​င်း​ထန်​ထန် ပေါ်လာ​ခဲ့​တယ်။ နောက် ရှေ့​ဆက်​သွား​မယ့် ဧရာဝတီ​ရဲ့​သမိုင်း​မှာ ကျွန်တော်​တို့​ရဲ့ မျှော်လင့်​ချက်​တွေ၊ ကျွန်တော်​တို့​ရဲ့ အိပ်မက်​တွေ ရှေ့​ဘယ်​လို ဖြစ်လာ​မ​လဲ ဆို​တာ​ကို စိတ်​ထဲ​မှာ ခင်းကျင်း​ကြည့်​တာ​ပေါ့။ ကျွန်တော်​တို့​ရဲ့ အိပ်မက်​လေး​တွေ​ကို ပြ​ပွဲခ​င်း​ကြည့်​တဲ့​သဘော၊ အကြောင်းအရာ ကတော့ အဲ​ဒါ​ပါ​ပဲ'' ရုပ်​ရှင်​တေး​ကဗျာ မဂ္ဂဇင်း​၏ အင်တာဗျူး​မေးခွန်း​ကို ထို​ကဲ့သို့​ပင် ထူး​အိမ်​သင်​က ဖြေ​ကြား​ခဲ့​ဖူး​သည်။

ပုဂံ​မှ ပြန်​ရောက်​ခဲ့​ပြီး​ချိန်​မှာ​ပဲ 'ရာဇဝင်​များ​ရဲ့ သတို့သမီး' ကို ထူး​အိမ်​သင်​က ရေးသား​ခဲ့​သည်။ သံ​စဉ် ပြီး​သွား​ချိန်​၌ သီချင်းစာ​သား​က တစ်​ကြော​င်း​တည်း​သာ ရ​ရှိ​သေး​သည်။
'ကွယ်​လွန်ပြီးသော အိပ်မက်​များ'။

ထို​တစ်​ကြော​င်း​တည်း​ကို​ပင် ည​လုံး ပေါက် ထိုင်​ရေး​ခဲ့​ခြင်း ဖြစ်​သည်။ အို​အေ​စစ် စ​တူ​ဒီ​ယို​၌ မ​ပြီး​မ​ချင်း ရေးသား​ခဲ့​သည်။ သီချင်း​တစ်​ပုဒ်​လုံး ပြီး​သွား​ချိန်​တွင် အချိန်​က တစ်​လ ကြာမြင့်​ခဲ့​ပြီ ဖြစ်​သည်။

ကွယ်​လွန်ပြီးသော အိပ်မက်​များ
ထာ​ဝ​စဉ် လဲလျောင်း အိပ်စက်​ရာ
ဣန္ဒြေကြီး​မား​လွန်း​တဲ့
ဒီ​မြေ​မှာ တို့​ရဲ့ သွေး​တွေ
ဖြတ်​သန်း​ရင်း​နဲ့ စီး​ဆင်း
သူဟာ
ရာဇဝင်​များ​ရဲ့ လျှို့​ဝှက်​ချက်​တို့
သိမ်းဆည်း​ထား
ဧရာဝတီ . . . .
ရွှေ​အတိ​ပြီး​သော မြို့ပြ​များ
အစဉ်​အလာ ကြီးမား​ခဲ့​ကြ​ရာ
ရာဇဝင်​ဟောင်း​ရဲ့ အမှတ်တရ
ဒီ​မြေဟာ တို့​ရဲ့​အမိ​မြေ
ယဉ်ကျေး​မှု​ရဲ့ နှလုံးသား
ရှင်​သန်​စေ​သူ တန်ခိုး​ရှင်
အခမ်း​နား​ဆုံး​သော သက်​ရှိ​ကဗျာ
ဧရာဝတီ . . .
ထူး​အိမ်​သင် အကြောင်း ပြော​မည် ဆို​ပါ​က ထူး​အိမ်​သင် ဖြတ်​သန်း​ခဲ့​သော ခေတ်​ကို ပြော​ရ​ပါ​မည်။

မည်​သည့် အခြေအနေ​သို့ ရောက်​ရှိ​နေ​သည်​ဖြစ်​စေ နိုင်ငံ​နှင့် လူ​မျိုး၊ လူ့​အဖွဲ့​အစည်း​အပေါ် တန်ဖိုး​ထား​သည့် စိတ်။ ထို​စိတ်​ဓာတ်​များ ထုထည်​ကြီးမား​နေ​ဆဲ ဖြစ်​သည့် မျိုး​ဆက်​၌ ထူး​အိမ်​သင် ဖြတ်​သန်း​ခဲ့​ပါ​သည်။ ကိုယ်ကျိုး​စီးပွား​ကို ရှေ့​တန်း မ​တင်​သော မျိုး​ဆက်။ လုပ်​သင့်​တာ လုပ်ဆောင်​ခဲ့​သည့် မျိုး​ဆက်။ လုပ်​ရပ်​တိုင်း​၌ အကျိုး​အမြတ် မည်​မျှ​ရ​မည်​ကို မစ​ဉ်း​စား​ခဲ့​ဘဲ လုပ်​စရာ ရှိ​သည်​များ​ကို ယုံကြည်​ရာ အတိုင်း လုပ်ဆောင်​ခဲ့​ကြ​သည့် မျိုး​ဆက်။

ထို​လုပ်ဆောင်​မှု​များ​က နောင်တ​စ်​ချိန်​တွင် တန်ဖိုး​ရှိ​သော လုပ်​ရပ်​များ ဖြစ်လာ​စေ​ခဲ့​ပါ​သည်။

ကိုယ်ကျိုး​စီးပွား ဖြစ်ထွန်း​မှု​ကို မစ​ဉ်း​စား၊ ယုံကြည်​ရာ​နှင့် ယုံကြည်​ချက်​ကို အခိုင်​အ​မာ​ထား​ပြီး ဘဝ​ကို လျှောက်​လှမ်း​ခဲ့​ကြ​သူ​များ​တွင် ထူး​အိမ်​သင်​လည်း တစ်​ဦး အပါအဝင် ဖြစ်​ခဲ့​ပါ​သည်။

ထူး​အိမ်​သင်​၏ ဘ၀ ဖြတ်​သန်း​မှု​နှင့် သီချင်း​များ​အကြောင်း ပြော​မည်​ဆို​ပါ​က များ​စွာ ရှိ​နေ​မည် ဖြစ်​ပါ​သည်။ 'နာရီ​ပေါ်​က မျက်ရည်စက်​များ'၊ 'ဝေး​သွား​တဲ့​အခါ'၊ 'ညီ​လေး​ရေ'၊ 'နာရီ​ရဲ့​သီချင်း'၊'သူငယ်ချင်း​အတွက်'၊'သက်​ငြိမ်'၊
'ဂျပ်​ဆင်​ထိပ်​က​လ​ရိပ်​ပြာ'၊ 'ရင်ခုန်​အချစ်'၊ 'ရာဇဝင်​များ​ရဲ့​သတို့သမီး'၊ 'အမေ့​ရဲ့ ဒုက္ခ​အိုး​လေး'၊ 'အမေ့​အိမ်'၊ 'ဗ​င်း​ဆင့်​ဗ​င်​ဂိုး​တမ်း​ချင်း'၊ 'မြို့ပြ​ည​များ​နှင့် မဟာ​ဝီ​ရ​အို​ဗုဒ္ဓ'။ ထို​သီချင်း​များ အပြင် အခြား​သော သီချင်း​များ​စွာ​က မှတ်တိုင်​များ အဖြစ် ရှိ​နေ​ခဲ့​ပါ​သည်။

၁​၉​၈​၇ ခု​နှစ်​တွင် ထွက်​ရှိ​ခဲ့​သော ထူး​အိမ်​သင်​၏ ပထမ​ဆုံး အယ်​လ်​ဘ​မ်။ 'နာရီ​ပေါ်​မှ​မျက်ရည်စက်​များ'။ ထို အယ်​လ်​ဘ​မ်​၌ အသက် ​၁​၇ ကျော်၊ ​၁​၈ နှစ်​အရွယ် အချိန်​များ​က ရေးသား​ခဲ့​သော သီချင်း​များ ပါဝင်​ခဲ့​သည်။ အယ်​လ်​ဘ​မ် မ​ထွက်​မီ​က ပရိသတ်​များ အကြား ပျံ့နှံ့​ရောက်​ရှိ​နေ​သည့် ထို​သီချင်း​များ​က ထူး​အိမ်​သင်​၏ သမိုင်း အစ​ကို လှ​စေ​ခဲ့​သည်။ သီချင်းစာ​သား​များ​၏ အဓိပ္ပာယ် လေးနက်​မှု​နှင့် ကိုယ်ကျိုး​မ​ဖက်​သော လူ​ငယ်​တစ်​ဦး​၏ ယုံကြည်​ချက်​နှင့် စိတ်​ဓာတ်​ကို တွေ့​ရှိ​လိုက်​ရ​ခြင်း​ကြောင့် ဖြစ်​ပါ​သည်။

''နာရီ​ပေါ်​မှ မျက်ရည်စက်​များ'' သီချင်း​ခွေ​သည် စ​တီ​ရီ​ယို ​ဂီ​တသ​မိုင်း​တွင် အရေးကြီး​သော မှတ်တိုင်​တစ်​ခု ဖြစ်​ပါ​သည်။ အရေးကြီး​သော ပထမ မှတ်တိုင်​တစ်​ခု​မှ ​၁​၉​၇​၅ ခု​နှစ်​က ပေါ်ပေါက်​ခဲ့​သော စိုင်း​ခ​မ်း​လိ​တ် ရေးသား​ပြီး
စိုင်း​ထီး​ဆိုင် သီ​ဆို​ခဲ့​သည့် ကိုယ်​ပိုင်​သံ​စဉ် သီချင်း​များ ဖြစ်​ပါ​သည်။ The Wild Ones တေး​ဂီ​တ အဖွဲ့​၏ ကိုယ်​ပိုင်​သံ​စဉ် ခေတ်​တစ်​ခေတ်​လို သက်ဝင် လှုပ်ရှား​စေ​ခဲ့​သော အားထုတ်​မှု​ကြီး အပြီး ဒုတိယ​မြောက် ပြောင်းလဲ​မှု​ကြီး တစ်​ခု​ကို ထူး​အိမ်​သင်​က စတင်​လိုက်​ပြန်​သည်။ ကိုယ်​ပိုင်​သံ​စဉ် တေး​သီချင်း​တို့​၏ ကိုယ်​ရည်​ကိုယ်​သွေး​ကို နောက်​တစ်​ဆင့် မြင့်​တက်​စေ​ခဲ့​သည်။ ပုံ​သဏ္ဌာန် အပိုင်း၊ တင်​ဆက်​မှု​အပိုင်း၊ ဒ​ဿ​န အပိုင်း၊ ခံစား​မှု​ရသ​ပေး​နိုင်​ပုံ အထိ အစစ အရာ​ရာ သိသိ​သာသာ ပြောင်းလဲ​သွား​သည်။ နာရီ​ပေါ်​မှ မျက်ရည်စက်​များ နောက်​ပိုင်း ဆက်​ထွက်​လာ​သော မှော်​ဆရာ​အိပ်မက်၊ သက်​ငြိမ်၊ အတ္တ​ပုံဆောင်​ခဲ​များ၊ အကြင်​နာ​အိပ်မက် စ​သည့် သီချင်း​ခွေ​များ​ဖြင့် ကိုယ်​ပိုင်​သံ​စဉ် လူ​ငယ်​ထု အပေါ် ဩဇာ သက်ရောက်​ခဲ့​သည်မှာ အထင်​အ​ရှား​ပင် ဖြစ်​သည်''ဟု တေး​ရေး မောင်​သစ်မင်း​က ထိုသို့ မှတ်ချက်​ချခဲ့​ဖူး​သည်။

မွန်​စစ်သူကြီး လ​ဂွ​န်း​အိမ်​၏ အမည်​မှ 'အိမ်' ကို​ယူ​ပြီး ထူး​အိမ်​သင် ဖြစ်လာ​သူ၊ ကျွန်တော်​က ပဝတ္တိ​သား၊ ဇာတိ​က ပု​သိမ်​လို့ ပြော​တတ်​သူ၊ မြို့မ​ငြိမ်း​လို ဖြစ်​ချင်​သူ၊ ရွှေဥ​ဒေါင်း​ကို စွဲ​လန်း​သူ၊ ကဗျာ​များ​ကို ချစ်​တတ်​သူ၊ 'ထင်း​ရှုး​ပင်​ရိပ်'ကို စွဲ​လန်း​သူ၊ ထိုး​မြဲ​လက်မှတ်​တိုင်း​၌ 'ချစ်​ခြင်း​အား​ဖြင့်'ဟု ရေးသား​တတ်​သူ၊ ဧရာဝတီ​ကို ချစ်​တတ်​သူ။

၂​၀​၀​၄ ခု​နှစ် ဩဂုတ်​လ ​၁​၄ ရက်​နေ့ အသက် ​၄​၂​နှစ် အရွယ်​မှာ ထူး​အိမ်​သင် ကွယ်​လွန်​ခဲ့​သည်။ ယခု​နှစ် ဩဂုတ်​လ ​၁​၄ ရက်။ ထူး​အိမ်​သင် ကွယ်​လွန်​ခဲ့​သည်မှာ ခု​နှစ်​နှစ်​ရှိ​ခဲ့​ပြီ ဖြစ်​ပါ​သည်။ ထူး​အိမ်​သင်​၏ စိတ်​ဓာတ်၊ ခံယူ​ချက်၊ ယုံကြည်​ရာ​နှင့် သီချင်း​များ​က ရှင်​သန်​နေ​ဆဲ ဖြစ်​ပါ​သည်။

မှီ​ငြမ်း။ ထူး​အိမ်​သင်​အမှတ်တရ အစိမ်းရင့်​ရောင်​ရက်စွဲ​များ စာအုပ်၊ ထူး​အိမ်​သင် တေး​ပေါင်းချုပ်။

ရာဇဝင်​များ​ရဲ့​သတို့သမီး... ဧရာဝတီ​ကို ချစ်​ခဲ့​သူ

Written by နေ​ထွန်း​နိုင်  (Eleven Media Group)

No comments:

Post a Comment