Friday, 16 September 2011

ဘွဲ့လည်းရ၊ ကလေးလည်းရသင့်တယ်လို့ လီကွမ်ယုပြော

စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယု၏ ပါရဂူဘွဲ့ ရရှိရန် ကြိုးစားနေသည့် ခေတ်ပညာတတ် အမျိုးသမီးများအပေါ် ထားရှိသော သဘောထားကို အမျိုးသမီး အဖွဲ့အစည်းများမှ ဝေဖန် ပြစ်တင်လိုက်သည်။ လွန်ခဲ့သည့် အပတ်က နန်ယန်တက္ကသိုလ်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲ တခုအတွင်း ပါရဂူဘွဲ့ ယူရန် ကြိုးပမ်းနေသည့် ကျောင်းသူတဦးမှ စင်္ကာပူ နိုင်ငံအတွင်းသို့ နိုင်ငံခြားသား ၀င်ရောက်လာမှုနှင့် ပတ်သက်၍ မေးခွန်းကို ဖြေကြားရာတွင် “ ပါရဂူဘွဲ့ယူဖို့ အချိန်ဖြုန်း မနေနဲ့ အိမ်ထောင်ပြုဖို့  ကြိုးစားပါ၊ မိသားစု ဘဝက သင့်ရဲ့ပါရဂူဘွဲ့ထက် အရေးပါတယ်၊ ကျနော် မျှော်လင့်တာက ပါရဂူဘွဲ့လည်းရ၊ အိမ်ထောင်ဖက်လည်းရဖို့ မျှော်လင့်ပါတယ်” ဟု ဖြေကြားခဲ့သည်။
လီကွမ်ယု၏ မှတ်ချက်နှင့် စပ်လျဉ်း၍ (Association of women for Action and Research -Aware) မှ ဥက္ကဌ နီကိုးတန်မှ လီကွန်ယု၏ မှတ်ချက်ကို ငြင်းချက်ထုတ်လိုက်ပြီး၊ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက် ရေး၊ လူငယ်နှင့် အားကစားဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် ယာကို့ Yacob မှ ကြေငြာချက် ထုတ်ပြန်ကာ တုံ့ပြန်ခဲ့သည်။ စင်္ကာပူနိုင်ငံသည် အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး Cedaw ကို လက်မှတ်ရေးထိုးထားသည့်နိုင်ငံဖြစ်သည်။

“ကျားမတန်းတူမှုဟာ စင်္ကာပူရဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးမှုမှာ အဓိက အရေးပါတယ်၊ ကျားမခွဲခြားမှု အပေါ် အခြေမခံတဲ့ တဦးချင်း၏ အရေးပါမှုကို ချဲ့ထွင်ပြီး ဦးစားပေးထား ရမည်” ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“စင်္ကပူရဲ့စီးပွားရေး ဖွံ့ဖြိုးမှုကို ထိမ်းထားဖို့အတွက် တနှစ်ကို နိုင်ငံခြားသား အလုပ်သမား ခြောက် သောင်း လိုတယ်၊ နိုင်ငံခြားသား အလုပ်သမား ဦးရေကို လျော့ချဖို့ အတွက် စင်္ကာပူ မိသားစုတစု ကလေး မွေးနှုန်းက (၁ ဒသမ ၈) သို့မဟုတ် (၂ ဒသမ ၁) ရှိဖို့လိုတယ်” ဟု နို်င်ငံခြားသား အလုပ်သမား ၀င်ရောက်မှုနှင့် ပတ်သတ်၍ လီကွမ်ယုက မှတ်ချက်ပေးခဲ့သည်။


Aware ဥက္ကဌ နီကိုးတန်မှ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး Cedaw ကို လက်မှတ် ရေးထိုးထားသည့် နိုင်ငံအနေဖြင့် “ ရှေးရိုးစွဲကို အခြေခံတဲ့ အမျိုးသား၊ အမျိုးသမီး ဆိုတဲ့ အယူအဆကို စင်္ကာပူရဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှုနယ်ပယ်မှာ သင့်လျော်သလို ထိန်းညှိဖို့ အစိုးရမှာ တာဝန်ရှိကြောင်း” ပြောဆိုခဲ့သည်။ “ လီကွမ်ယုလို သြဇာတိက္ကမ ကြီးတဲ့ ပုဂ္ဂိုလ်က ဒီလို မှတ်ချက်မျိုး ပေးတာ လူမှုရေး ပြောင်းလဲမှု ဖြစ်စဉ်မှာ အရေးပါတယ်၊ သူ့ရဲ့ မှတ်ချက်က အမျိုးသမီးဆိုတာ အိမ်ထောင်မှု အလုပ်လုပ်ဖို့ နဲ့ အမျိုးသားရဲ့ တာဝန်က အိမ်ထောင်စုကို ပံ့ပိုးဖို့ ဖြစ်တယ်ဆိုတဲ့ ရှေးရိုးစွဲဟာ ဒီနေ့ လူမှု အဆင့်အတန်းကို လိုက်မီအောင် ကြိုးစားနေတဲ့ မိသားစုတွေကို အထင်သေးရာရောက်ကြောင်း”  ထောက်ပြ ပြောဆိုခဲ့သည်။

Original Source: Yahoo Singapore New


Source:မောက္ခပညာရေးမဂ္ဂဇင်း


မှတ်ချက်။    ။ စင်္ကာပူရဲ့ လက်ရှိရောဂါတစ်ခုလိုဖြစ်နေတဲ့ နိုင်ငံခြားအလုပ်သမားဦးရေလျော့ချရေး ပြဿနာဖြေရှင်းရေး ဖက်ကကြည့်ရင်တော့ သူပြောတာ မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမယ့် မွေးနှုန်းမြင့်လာလို့ အလုပ်လုပ်ကိုင်နိုင်တဲ့ လူဦးရေ တိုးလာသည်ပဲထားဦး နေရာစုံမှာ လုပ်ကိုင်ချင်စိတ်ရှိချင်မှ ရှိမှာပါ။ Executive Level တွေမှာပဲ စုပြုံတိုးနေရင်တော့ သိပ်ထူးလာမှာမဟုတ်ပါဘူး။ ပြီးတော့ ဒီ ၂၁ရာစုခေတ်ထဲမှာ အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံတဲ့ အယူအဆဟာ အံမဝင်တော့ပါဘူး။ တကယ်တော်တယ်၊ ထက်တယ်ဆိုရင် ကြိုဆိုနေရာပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်ယောကျားမှ ကိုယ့်လောက်မတော်လို့ အထင်မကြီးပဲ အိမ်ထောင်မပြုပဲနေကြမယ်ဆိုရင်တော့ ဒီအမျိုးသမီးတစ်ခုခုလွဲနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။

လေးစားစွာဖြင့်........




No comments:

Post a Comment