Sunday, 30 October 2011

ကထိန်သင်္ကန်း ကထိန်ပွဲတော်


Photo Source: Internet 
(မကြာခင် နိုဝင်ဝင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်မည့် စင်္ကာပူအဖွဲ့ ကထိန်အလှုပွဲမတိုင်မီ ဖတ်သားမိလိုက်တဲ့ ရွှေဝါရောင်အရှင်နန္ဒာစရိယ ဘလော့ဂ်မှ ကထိန်ပွဲတော် အကြောင်းကို ဝေမျှလိုက်ပါတယ်။  မူရင်း ကို ဒီနေရာတွင် ဖတ်ပါ။)

ကထိန်သည် ဗုဒ္ဓဘာသာတို့၏ ဘာသာရေး ပွဲတော် တစ်ခု ဖြစ်သည်။ ဝါကျွတ်ပြီးနောက် ရပ်တိုင်း ရွာတိုင်း ကျင်းပကြသော ပွဲတော် ဖြစ်သည်။ ယင်းပွဲတော်၏ သက်တမ်းသည် ၁-လကြာမြင့်သည်။ သို့သော် ရပ်ကွက်တစ်ခု၊ ရွာတစ်ရွာ (အလှူရှင်တစ်ဦးဦး) မှ တစ်ရက်စီသာ ကျင်းပကြသည်။ ထိုကြောင့် ကျင်းပလိုသူတို့၏ ဆန္ဒသဘောထားအလျှောက် ရက်တစ်ရက် သတ်မှတ်ပြီး ကထိန် ပွဲတော်ကို ကျင်းပနိုင်သည်။


ကထိန်ပွဲတော်ကို လူနာပြက္ကဒိန် (Lunar Calendar) အရ အောက်တိုဘာလတွင် ကျရောက် လေ့ရှိကာ၊ မြန်မာပြက္ကဒိန် အလိုအရ သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိဟု သတ်မှတ်သည်။ ကထိန်ပွဲတော်ကို လူပုဂ္ဂိုလ်ဖြစ်သော ဒါယကာ ဒါယိကာမတို့က မိမိတို့၏ သဒ္ဓါတရား ကြီးမားမှုကို ရဟန်းတော်တို့အား ပြသသည့် ကာလဟုလည်း ဆိုစမှတ် ပြုကြသည်။ ကထိန်ပွဲတော်ဟု သာမန် ပြောဆိုကြသော်လည်း ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းသည့် ပွဲတော်ဟု သုံးနှုန်းမှ ပိုဆီလျှော်သည်။

အဘယ်ကြောင့်ဆိုသော် ဝါတွင်း သုံးလပတ်လုံး ဝါမကျိုး ဝါမပျက်အောင် စောင့်ထိန်း၍ ဝါကျွတ် ပဝါရဏာပြုသော ရဟန်းများရှိရာ ​ကျောင်းတိုက်သို့ သွား၍  ကထိန်ခင်း ကြသည်။ ကထိန်ခင်းရာတွင် သင်္ကန်းသုံးမျိုးထဲက( သင်းပိုင်၊ ကိုယ်ရုံ၊ ဒုကုဋ်) တစ်ထည်ထည်ကို “ဣမံစီဝရံ သံဃဿဒေမိ - ဤသင်္ကန်းကို သံဃာတော်များအား လှူဒါန်းပါ၏” ဟု လျှောက်ထား၍ ကထိန်သင်္ကန်းကို ဆက်ကပ် လှူဒါန်းကြသောကြောင့် ဖြစ်သည်။

ကထိန်၏ ထူးခြားချက်မှာ- ရဟန်းတော်များက တခြားသော ပစ္စည်းတို့ကို လိုအပ်လျှင် မိဘဆွေမျိုးကို သော်လည်းကောင်း ဖိတ်မန္တက ပြုထားသူ ဒါယကာ ဒါယိကာမတို့ကို သော်လည်းကောင်း နှုတ်မြွက်၍ အလှူခံ ကောင်းပါသည်။ သို့သော် ကထိန် သင်္ကန်းကို ကား နှုတ်ဖြင့် သော်လည်းကောင်း၊ အလှူခံမည့်ပုံ အရိပ်အယောင် သော်လည်းကောင်း မပြုလုပ်အပ်ပေ။ အလှူရှင်က သူ့အလိုလို သဒ္ဓါကြည်ဖြူ ပေးလှူသော ကထိန်သင်္ကန်းကိုသာ အလှူခံခွင့်ရှိ၏၊ ဥပမာအားဖြင့် ကောင်းကင်မှ ကျလာသော မိုးရေသည် သန့်ရှင်း ကြည်လင်သကဲ့သို့  သူ့အလိုလို ပေါ်ပေါက်လာသော သင်္ကန်းကို “ကထိန်သင်္ကန်း” ဟု မည်ပါသည်။

ကထိန်သင်္ကန်းကို တစ်ခြားသော လှူဖွယ်တို့ကဲ့သို့ လှူချင်သည့်အချိန် လှူခွင့် မရနိုင်။ သတ်မှတ် ထားသော သီတင်းကျွတ် လပြည့်ကျော်(၁) ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ထိ တစ်လတိတိ အချိန်ကာလ အတွင်းသာ လှူခွင့် ရှိသည်။ အထူးအားဖြင့် ကထိန်သင်္ကန်းသည် တစ်နှစ်မှာ တစ်လသာ၊  တစ်လမှာ တစ်ရက်သာ၊ တစ်ရက်မှာ တစ်ကျောင်း (အလှူရှင် တစ်ဦးက) တစ်ကြိမ်သာ လှူခွင့်ရှိလေသော အလှူဖြစ်ပါသည်။


Photo Source: Internet 

ကထိန်၏ နောက်ခံသမိုင်းကြောင်း

ဗုဒ္ဓဘုရားသည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သင်္ကန်းလျာ ရှားပါးသည့် ပါဝေယျက တိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့အား အကြောင်းပြု၍ ကထိန်အလှူ ဖြစ်ပေါ် လာသည်။ ဖြစ်ရပ်အစုံကား ဤသို့တည်း- ဝါလကင်းလွတ် သီတင်းကျွတ်အပြီး ဗုဒ္ဓအား ဖူးမြှော်ရန် ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ်တို့သည် မိမိတို့ ဝါဆိုဝါကပ်ရာ သာကေတပြည်မှ ခြေလျင်ခရီးဖြင့် ကြွလာကြ၏။ ထိုအခါ မိုးကြီး သည်းထန်စွာ ရွာသွန်းသဖြင့် မိုးရေ စိုစွတ်ကြကုန်သည်။ ထိုသို့ မိုးရေစိုစွတ်သော သင်္ကန်းဖြင့်ပင် ဗုဒ္ဓထံပါး အဖူးမျှော် ရောက်လည်ကို မြင်တွေ့ရသောအခါ ဗုဒ္ဓက ကရုဏာသက်မိသည်။ ထိုရဟန်းတို့ကို အကြောင်းပြု၍ ပုရိမဝါကပ်ခြင်း၌ ပြည့်စုံသော ရဟန်းတို့အား ကထိန်ခင်း ခွင့်ပြုကြောင်း ပညတ်တော်မူခဲ့သည်။ (ဝါဆိုလပြည့်ကျော် ၁-ရက်နေ့တွင် ဝါကပ်ခြင်းကို ပုရိမဝါကပ်-ဟု ခေါ်ဆိုသည်။ အကြောင်းစုံကို ဖော်ပြပြီ။) ထိုအချိန်မှ စ၍ ကထိန်သင်္ကန်းဟူ၍ ပေါ်လာတော့သည်။

ကထိန်သင်္ကန်းကို လူနတ်ဖြစ်စေ၊ ရဟန်း ရဟန်းမ အစရှိသည့် သီတင်းသုံးဖော် ငါးဦးထဲက ဖြစ်စေ၊ မည်သူမဆို လှူဒါန်းနိုင်ပါသည်။ ပုဂ္ဂလိကဖြစ်သည့် ရဟန်း ၁-ပါး ၂-ပါး ၃-ပါး စသည်ကို မလှူကောင်းပဲ သံဃာတော်ကိုသာ လှူဒါန်းရပါမည်။ ကထိန်အလှူကို သာမန်အလှူအတန်း တစ်ခုကဲ့သို့ လှူဒါန်း၍ မသင့်ပါ။ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းရာတွင် ကထိန်အလှူ မြောက်ရန် နည်းလမ်းတွေကို သိရှိထားရပေမည်။
သိသင့် သိထိုက်သည့် အချက်များမှာ-
(က) ကထိန်ခင်းရန် ကိစ္စ (၈) မျိုး
(ခ) ကထိန်ခင်းရန် သင်္ကန်းလျာ
(ဂ) ကထိန်ခင်းမည့်ရဟန်း ပြည့်စုံရမည့် အင်္ဂါရပ် (၈) မျိုး
(ဃ) ရဟန်းတို့ ရအပ်သည့် ကထိန်အာနိသင် (၅) မျိုး
(င) အလှူရှင်တို့ ရအပ်သည့် ကထိန်အကျိုး (၅) မျိုး

မှတ်ချက်။ ကထိန်ခင်း၌ ပါသော “ကထိန်” ဟူသည်ကား အာနိသင်(၅)မျိုးကို မိမိအတွင်းမှာ သိမ်းဆည်းထားနိုင်သဖြင့် မြဲမြံခိုင်ခံ့ခြင်း အဓိပ္ပါယ်ရှိသည်။ “ခင်း” ဟူသည့် စကားရပ်သည် ကထိန် သင်္ကန်းကို လက်ခံ ရရှိသည့်ရဟန်းက (ကထိနံ အတ္ထာရာမိ- ကထိန်ကို ခင်းပါမည်) ပြောရသည်ကို အကြောင်းပြု၍ ကထိန်ကို ခင်းသည် (ကထိန်ခင်း)ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။

(က) ကထိန်ခင်းရန် ကိစ္စ (၈) မျိုး

၁။ ကထိန်သင်္ကန်းကို အလှူခံယူခြင်း။
၂။ ကထိန်ခံထိုက်သောပုဂ္ဂိုလ်ကို သံဃာတော်တို့က စိစစ်ရွေးချယ်ပေးခြင်း။
၃။ ထိုရွေးချယ်ခံရသူအား သိမ်တွင်း၌ ကမ္မဝါဖတ်၍ ကထိန်သင်္ကန်းကို ပေးခြင်း။
၄။ သင်္ကန်းဟောင်းကို ပစ္စုဒ္ဓိုရ်ပြု အဓိဋ္ဌာန်စွန့်ခြင်း။
၅။ ခင်းမည့် သင်္ကန်းသစ်ကို ကပ္ပဗိန္ဒု ထိုးခြင်း။
၆။ သင်္ကန်းအမည်ဖြင့် အဓိဋ္ဌာန်တင်ခြင်း။
၇။ နှုတ်မြွက်၍ ခင်းခြင်း။
၈။ အနုမောဒနာပြုခြင်း တို့ ဖြစ်ကြပါသည်။

(ခ) ကထိန်ခင်းရန် သင်္ကန်းလျာ

ကထိန်ခင်းရန် ဘုရားရှင် ခွင့်ပြုတော်မူခဲ့သော သင်္ကန်း(၃) မျိုး ရှိသည်။ ယင်းတို့မှာ-
၁။ သံဃာဋိ- ဒုကုဋ် (ခ) နှစ်ထပ်သင်္ကန်းကြီး
၂။ ဥတ္တရာသင်္ဂေါ- ကိုယ်ရုံ (ခ) ဧကသီ
၃။ အန္တရဝါသကော- ခါးဝတ် (ခ) သင်းပိုင် (ယင်း သုံးမျိုးလုံးကို “စီဝရံ-သင်္ကန်း” ဟု ခေါ်သည်။)

ကထိန်ခင်းမည့် သင်္ကန်းကိုလည်း ကထိန်မြောက်သော သင်္ကန်းနှင့် ကထိန် မမြောက်သော သင်္ကန်း ဟူ၍ (၂) စား ခွဲခြားထားပြန်ပါသည်။

ကထိန်မြောက်သော သင်္ကန်းများ

၁။ သင်္ကန်းအသစ်ဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။ (အဟတေန အတ္တတံ ဟောတိ ကထိနံ)
၂။ ဘာသင်္ကန်း၊ ဘယ်အမျိုးအစားသင်္ကန်း စသည်ဖြင့် အရိပ်အယောင် (နိမိတ်) မပြပဲ (အလှူရှင် သဒ္ဓါကြောင့်) အလိုလို ဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ခင်းမှ ကထိန်မြောက်ပါသည်။ (အနိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ)
၃။ ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်မဆိုပဲ (အလှူရှင် သဒ္ဓါကြောင့်) အလိုလို ဖြစ်ပေါ် လာသော သင်္ကန်းဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။ (အပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ)
၄။ အငှား မဟုတ်သော သင်္ကန်းဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။ (အကုက္ကုကတေန အတ္ထေတံ ဟောတိ ကထိနံ)
၅။ ကထိန်ခင်းမည့်နေ့ မရောက်မီ ကျောင်း၌ မသိုမှီး မသိမ်းထားသော သင်္ကန်းဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။ (အသန္နိဓိကတေန အတ္ထတံ ဟောတိ ကထိနံ)
၆။ ကထိန်ခင်းမည့်နေ့ မရောက်မှီ ကျောင်းကို ကြိုတင် ပို့မထားသော သင်္ကန်းဖြင့် ကထိန်ခင်းမှ ကထိန်မြောက်သည်။  (အနိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ)
၇။ ငါးခန်း (သို့မဟုတ်) ငါးခန်းထက်ပိုအောင် ဖြတ်ချုပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။ (ပဥ္စကေန ဝါ အတိရေကပဥ္စကေန ဝါ တဒဟေဝ သဥ္ဆိန္နေန သမဏ္ဏလီကတေန အတ္ထတံ ကထိနံ)

ကထိန် မမြောက်သော သင်္ကန်းများ

၁။ နှစ်လွှာစပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမည်။ (န ဒဠှီကမ္မကရဏ မတ္တေန အတ္ထတံ ဟောတိ ကထိနံ)
၂။ ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု အရိပ်အယောင် (နိမိတ်) ပြသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မမြောက်။ (န နိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ)
၃။ ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်ဆို၍ ရသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။ (န ပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ)
၄။ ခေတ္တ ငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။ (န ကုက္ကုကတေန အတ္ထတံ ဟောတိ ကထိနံ)
၅။ ကထိန်ခင်းမည့် နေ့ မရောက်မီ ကျောင်း၌ သိုမှီးထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။ (န သန္နိကတေန အတ္ထတံ ဟောတိ ကထိနံ)
၆။ ကထိန်ခင်းမည့် နေ့ မရောက်မီ ကျောင်းကို ကြိုတင်ပို့ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။ (န နိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ)
၇။ ကထိန်ခင်းသည့်နေ့တွင် ငါးခန်း (သို့မဟုတ်) ငါးခန်းထက် ပိုအောင် ဖြတ်မထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။ (န အညတြ ပဥ္စကေန အတိရေကပဥ္စကေန ဝါ တဒဟေဝ သဦ္ဆန္နေန သမဏ္ဏလီကတေန အတ္ထတံ ဟောတိ ကထိနံ)

ကထိန်ပွဲတော်ကို လူနာပြက္ကဒိန် (Lunar Calendar) အရ အောက်တိုဘာလတွင် ကျရောက် လေ့ရှိကာ၊ မြန်မာပြက္ကဒိန် အလိုအရ သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိဟု သတ်မှတ်သည်။ ကထိန်ပွဲတော်ကို လူပုဂ္ဂိုလ်ဖြစ်သော ဒါယကာ ဒါယိကာမတို့က မိမိတို့၏ သဒ္ဓါတရား ကြီးမားမှုကို ရဟန်းတော်တို့အား ပြသသည့် ကာလဟုလည်း ဆိုစမှတ် ပြုကြသည်။ ကထိန်ပွဲတော်ဟု သာမန် ပြောဆိုကြသော်လည်း ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းသည့် ပွဲတော်ဟု သုံးနှုန်းမှ ပိုဆီလျှော်သည်။

အဘယ်ကြောင့်ဆိုသော် ဝါတွင်း သုံးလပတ်လုံး ဝါမကျိုး ဝါမပျက်အောင် စောင့်ထိန်း၍ ဝါကျွတ် ပဝါရဏာပြုသော ရဟန်းများရှိရာ ​ကျောင်းတိုက်သို့ သွား၍  ကထိန်ခင်း ကြသည်။ ကထိန်ခင်းရာတွင် သင်္ကန်းသုံးမျိုးထဲက( သင်းပိုင်၊ ကိုယ်ရုံ၊ ဒုကုဋ်) တစ်ထည်ထည်ကို “ဣမံစီဝရံ သံဃဿဒေမိ - ဤသင်္ကန်းကို သံဃာတော်များအား လှူဒါန်းပါ၏” ဟု လျှောက်ထား၍ ကထိန်သင်္ကန်းကို ဆက်ကပ် လှူဒါန်းကြသောကြောင့် ဖြစ်သည်။

ကထိန်၏ ထူးခြားချက်မှာ- ရဟန်းတော်များက တခြားသော ပစ္စည်းတို့ကို လိုအပ်လျှင် မိဘဆွေမျိုးကို သော်လည်းကောင်း ဖိတ်မန္တက ပြုထားသူ ဒါယကာ ဒါယိကာမတို့ကို သော်လည်းကောင်း နှုတ်မြွက်၍ အလှူခံ ကောင်းပါသည်။ သို့သော် ကထိန် သင်္ကန်းကို ကား နှုတ်ဖြင့် သော်လည်းကောင်း၊ အလှူခံမည့်ပုံ အရိပ်အယောင် သော်လည်းကောင်း မပြုလုပ်အပ်ပေ။ အလှူရှင်က သူ့အလိုလို သဒ္ဓါကြည်ဖြူ ပေးလှူသော ကထိန်သင်္ကန်းကိုသာ အလှူခံခွင့်ရှိ၏၊ ဥပမာအားဖြင့် ကောင်းကင်မှ ကျလာသော မိုးရေသည် သန့်ရှင်း ကြည်လင်သကဲ့သို့  သူ့အလိုလို ပေါ်ပေါက်လာသော သင်္ကန်းကို “ကထိန်သင်္ကန်း” ဟု မည်ပါသည်။

ကထိန်သင်္ကန်းကို တစ်ခြားသော လှူဖွယ်တို့ကဲ့သို့ လှူချင်သည့်အချိန် လှူခွင့် မရနိုင်။ သတ်မှတ် ထားသော သီတင်းကျွတ် လပြည့်ကျော်(၁) ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ထိ တစ်လတိတိ အချိန်ကာလ အတွင်းသာ လှူခွင့် ရှိသည်။ အထူးအားဖြင့် ကထိန်သင်္ကန်းသည် တစ်နှစ်မှာ တစ်လသာ၊  တစ်လမှာ တစ်ရက်သာ၊ တစ်ရက်မှာ တစ်ကျောင်း (အလှူရှင် တစ်ဦးက) တစ်ကြိမ်သာ လှူခွင့်ရှိလေသော အလှူဖြစ်ပါသည်။


Photo Source: Internet 

(ဂ) ကထိန်ခင်းမည့်ရဟန်း ပြည့်စုံရမည့် အင်္ဂါရပ် (၈) မျိုး

၁။ ပုဗ္ဗကရဏံဇာနာတိ- ရှေးဦးစွာ ပြုလုပ်ရမည့်ကိစ္စရပ်တို့ကို သိရပြုရခြင်း၊
၂။ ပစ္စုဒ္ဓါရံ- ပစ္စုဒ္ဓိရ်ပြုတတ်ရခြင်း။
၃။ အဓိဋ္ဌာနံ- အဓိဋ္ဌာန်တင်တတ်ရခြင်း။
၄။ အတ္ထာရံ- ခင်းပုံခင်းနည်း သိထားရခြင်း။
၅။ မာတိကံ- မာတိကာကို သိထားရခြင်း။
၆။ ပလိဗောဓံ- ကြောင့်ကြကို သိထားရခြင်း။
၇။ ဥဒ္ဓါရံ- ကထိန်နှုတ်ပုံကိုသိထားရခြင်း။
၈။ အာနိသံသံ- အာနိသင်တို့ကို သိထားရခြင်း- တို့ ဖြစ်သည်။

အထက်ဖေါ်ပြပါ အင်္ဂါရပ် (၈) မျိုးနှင့် ပြည့်စုံသည့် ရဟန်းသည်သာလျှင် ကထိန်ခင်းနိုင်ပေသည်။

(ဃ) ရဟန်းတို့ ရအပ်သည့် ကထိန်အာနိသင် (၅) မျိုး

ကထိန်ခင်းသော ရဟန်းတော်များ ခံစားရသည့် ကထိန်အာနိသင်(ခ)ကထိန်အကျိုး ( ၅) မျိုး ရှိသည်။ ယင်းတို့မှာ-

၁။ အနာမန္တစာရ- ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ မြို့တွင်းရွာတွင်း ဆွမ်းဖိတ်ရာ အိမ်သို့သွားနိုင်ခြင်း၊
၂။ အသမာဒါနစာရ- အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူမူ၍ သွားနိုင် နေနိုင်ခြင်း၊
၃။ ယာဝဒတ္တစီဝရ- အလိုရှိတိုင်း သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာမပြုမူ၍ ထားနိုင်ခြင်း၊
၄။ ဂဏဘောဇန- ထမင်းစားကြွပါ စသည်ဖြင့် မအပ်သောဖိတ်ခြင်းရှိသော ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊
၅။ ကထိန်ခင်းပြီးနောက် တပေါင်းလပြည့်နေ့အထိ (၅-လအတွင်း) သံဃာအား လှူသောသင်္ကန်းလျာ အဝတ်ကိုလည်းကောင်း၊ သို့မဟုတ် သင်္ကန်းကို လည်းကောင်း၊ ထိုကထိန်ခင်း ကျောင်းတိုက်ရှိ ကထိန် အနုမောဒနာ ပြုထားသော ရဟန်းတို့သာ ရနိုင်ခြင်း။

(င) အလှူရှင်တို့ ရအပ်သည့် ကထိန်အကျိုး (၅) မျိုး

၁။ အတားအဆီး အနှောင့်အယှက်မရှိပဲ မိမိဆန္ဒရာ နေရာသို့ သွားလာနိုင်ခြင်း။
၂။ ပေးအပ်လာသည့် တာဝန်ဝတ္တရားများကို လွယ်ကူ ပေါ့ပါးစွာ ထမ်းဆောင်နိုင်ခြင်း။
၃။ စားသမျှ၊ သောက်သမျှ အစားအစာ အဆိပ်မသင့်ပါ။
၄။ ခေတ်မီ ခေတ်ပေါ် အဝတ်အစား၊ အသုံးအဆောင်များ ပေါများစွာ ၀တ်စားဆင်ယင်နိုင်ခြင်း။
၅။ ကိုယ်ပိုင်ပစ္စည်းများကို မိမိက မပေးပဲ သူတစ်ပါး ခိုးယူ၊ တိုက်ခိုက်၊ လိမ်ညာမှု မလုပ်နိုင်ခြင်း တို့ ဖြစ်ပါသည်။

ကိုးကား

၁။ ဝိနည်း၊ မဟာဝါ-ကထိနက္ခန္ဓက-ပါဠိတော်၊
၂။ ကင်္ခါဝတရဏီအဋ္ဌကထာ။
၃။ သာရတ္ထဒီပနီဋီကာ။
၄။ ၀ဇီရဗုဒ္ဓိဋီကာ။

No comments:

Post a Comment