Friday, 18 November 2011

ထိုင်းရေကြီးမှု၊ EMG အောင်မြင်မှုနှင့် အဆက်ဆက်မဲ့အတွေးများ

Photo Source: Internet 
ထိုင်းရေကြီးမှုဂယက်နှင့် ကျွန်တော်

ပြီးခဲ့တဲ့ နှစ်ပတ်လောက်တုန်းက အလုပ်နဲ့ပတ်သတ်တဲ့ ထိုင်းလူမျိုး အသိတစ်ယောက်ကို ဘန်ကောက်ရေကြီးတဲ့ကိစ္စကို မေးကြည့်မိတယ်။ သူကတော့ ဘယ်ကနေဘယ်လိုဖြစ်တယ်၊ ဘာကြောင့်၊ ညာကြောင့်ဆိုပြီးတော့ ပြောရှာပါတယ်။ ကျွန်တော်သူတို့နိုင်ငံအကြောင်း သိပ်မသိတော့ နားမလည်ပါဘူး။ ဒါပေမယ့်" ဒီနှစ်ကုန်ရင် ငါ ဘန်ကောက်ပြန်တော့မယ်" လို့ ပြောလိုက်တဲ့ စကားကိုတော့ တော်တော်လေးစိတ်ဝင်စားမိတယ်။ ကျွန်တော်လည်း ဘာဖြစ်လို့လဲ၊ အလည်အပတ်ပြန်မှာလား၊ မိသားစုစိတ်မချလို့လား စသည်ဖြင့်မေးတော့ "ဘန်ကောက်ကို ငါတို့ ပြန်တည်ဆောက်ရဦးမယ်" လို့တစ်ခွန်းပဲပြောတယ်။

သူက စင်္ကာပူ ဆောက်လုပ်ရေး လုပ်ငန်းထဲမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီး လက်ရှိထိုင်း နိုင်ငံရဲ့လိုအပ်ချက် အခြေအနေကို သေချာနားလည်တယ်လို့ ခံစားမိတယ်။ သူ့လိုစိတ်ဓါတ်မျိုး၊ လုပ်ရည်ကိုင်ရည်ရှိသူမျိုးတွေကို နိုင်ငံနှင့်လုပ်ငန်းရှင်တွေက အသည်းအသန်လိုအပ်နေမှာပါပဲ။ ဒီလိုပဲ အရင်တုန်းက တစ်ကမ္ဘာလုံးပြန့်ကျဲနေတဲ့ ဂျူးလူမျိုးတွေ အစ္စရေးလ်ကို ပြန်လာပြီး နိုင်ငံကို ပြန်လည် ထူထောင်ခဲ့တာ၊ ကမ္ဘာ့နေရာအရပ်ရပ်က တရုတ်လူမျိုးတွေ တရုတ်ပြည်ပြန်ပြီး စီးပွားပြန်လုပ်ခဲ့တာတွေ ပြန်သတိရမိတယ်။

၂၀၁၁ခုနှစ် စင်္ကာပူ အိုင်စီရှိုးနဲ့လေးဖြူရဲ့စကားတစ်ခွန်း 

နှစ်တိုင်းမလွတ်ကြည့်ဖြစ်ခဲ့တဲ့ ဒီနှစ် Singapore IC show ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့မှာ သွားကြည့်ဖြစ်ခဲ့တယ်။ သီချင်းတွေနားထောင်၊ လိုက်ဆိုရတာ နည်းနည်းတော့ ငြီးငွေ့လာသလိုလိုခံစားရတယ်။ ထူးထူးဆန်းဆန်း ပိရိတ်သတ်အထဲက ဧရာဝတီချစ်သူများဆိုပြီး ခင်ဝမ်းရဲ့ဧရာဝတီ ဒါမှမဟုတ် ထူးအိမ်သင်ရဲ့ရာဇဝင်များရဲ့သတို့သမီး သီချင်းကို ဆိုပေးဖို့ အိုင်စီကို သီချင်း တောင်းတဲ့ စာကို လေးဖြူက ဖတ်ပြတယ်။ ပြီးတော့ " ဧရာဝတီကို တကယ်ချစ်ရင် မြန်မာပြည်ကို ခဏပဲဖြစ်ဖြစ် ပြန်ပါ။ အဝေးကပဲ ပါးစပ်နဲ့ချစ်မနေပါနဲ့" ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တဲ့ စကား ပြောပြီး ရာဇဝင်များရဲ့သတို့သမီး Intro ပဲ တီးပြသွားတယ်။ အားရပါးရ သီချင်းလိုက်ဆိုဖို့ထမိတဲ့ကျွန်တော် ရှက်ရှက်နဲ့ပဲ ပြန်ထိုင်လိုက်မိတယ်။ (လောလောဆယ်အထိကျွန်တော်အိမ်မပြန်နိုင်သေးပါ)


EMG 11 Anniversary နှင့် ၁၁-၁၁-၁၁ အခမ်းအနား 

ဒီနှစ်ထဲမှာ မှတ်မှတ်ရရ Eleven Media Group CEO ဒေါက်တာ သန်းထွဋ်အောင် ပြောကြားချက်တွေကို (၁၁) နှစ်ပြည့်အခမ်းအနားမှာ တစ်ခါ၊ ၁၁-၁၁-၁၁ အခမ်းအနားမှာ တစ်ခါ ဖတ်လိုက်ရတယ်။ သူပြောတာတွေ နားထောင်ရတာ၊ ဖတ်လိုက်ရတာနဲ့ ကျွန်တော် ချက်ချင်းပဲ မြန်မာပြည်ကို ပြန်သွားပြီး တစ်ခုခု လုပ်ချင်စိတ် ပေါက်ပါတယ်။ ဒါပေမယ့် တကယ်တမ်း ဘာလုပ်မယ်၊ ဘယ်လိုလုပ်မယ် သေချာတွေးကြည့်တော့ မရေမရာ၊ လက်ရှိလုပ်လက်စတွေ၊ အခြေအနေတွေ၊ မိသားစုကို ထောက်ပံ နေရတာတွေကို နောက်ဆံတင်းမိတယ်။ ငယ်ငယ်တုန်းကလို တက်ကျမ်းတွေဖတ်ပြီး ၁၅ မိနစ်လောက်စိတ်ကြွ၊ ပြီးတော့ အရင်အတိုင်း ပြန်ဖြစ်ခဲ့ တာတွေ ပြန်သတိရမိတယ်။ စိ်က်ကူးနဲ့လက်တွေ့မစပ်စပ်နိုင်၊ အကောင်အထည်မဖော်နိုင်တာပဲ ကျွန်တော့် အားနည်းချက်ဖြစ်နေပြီလား မသိပါ။ စိတ်ပြတ်သားတဲ့ ထိုင်းလူမျိုး မိတ်ဆွေလို၊ သဲကန္တာရကို စိုက်ပျိုးနိုင်အောင်ကြိုးစားအောင်မြင်ခဲ့တဲ့ ဂျူးလူမျိုးတွေလို၊ အချိန်တန်လို့ကိုယ့်နိုင်ငံပြန်ပြီး စီးပွားပြန်လုပ်ကြတဲ့ တရုတ်လူမျိုးတွေ လောက် ကိုယ်က အဖြစ်မရှိ၊ လေးဖြူကို ရှက်လို့ဧရာဝတီကိုချစ်တယ်လို့တောင် မပြောရဲတော့တဲ့ ကိုယ်အဖြစ်ကို ပြန်တွေးကြည့်ရင် စိတ်မကောင်းဖြစ်မိတယ်။ ကိုယ့်ကိုကိုယ်ပြန်စစ်ဆေးဖို့ assignment တစ်ခုတော့ မဖြစ်မနေလုပ်ရလိမ့်မယ် ထင်တယ်။
"မှန်တယ်..... ကိုယ်ကိုတိုင်မှတွန်းမဖွင့်ရင် .... ဒီတံခါးဘယ်တော့မှမပွင့်ဘူး"
မြန်မာပြည်ရဲ့Trend 

သတင်းများ၊ ဆောင်းပါးများ၊ အရေးကြီးပုဂ္ဂိုလ်တွေရဲ့ Speech များအရ လက်ရှိ မြန်မာပြည်ရဲ့ အလားအလာဟာ တစ်စုံတစ်ခုဆီကို ဦးတည်နေပါပြီ။ Mission အပီအပြင်ထားပြီး Global Vision နဲ့ မောင်းနှင်တဲ့ နိုင်ငံတစ်ခု အနှေးနဲ့အမြန်ဖြစ်လာမယ်လို့တော့ မျှော်လင့်ပါတယ်။ ပိတ်ထားတာလား၊ ဖွင့်ဖို့မကြိုးစားတာလား ဆိုပြီးငြင်းခုန်နေဖို့မလိုတော့လောက်အောင် Globalization က ရိုက်ခတ်သွားတော့မှာ သေချာပါတယ်။ ဒီလှို်င်းတွေကြားထဲမှာ ကျွန်တော်တို့ဘယ်လို စီးဆင်းလိုက်ပါကြမလဲ။ ဒါဟာ စိတ်ဝင်စားမှုတစ်ခု ဖြစ်လာသလို စိန်ခေါ်မှုတစ်ခုလည်း ဖြစ်လာနေပါပြီ။
ရောင်နီတွေလင်းတော့မယ်
လာ.....သူငယ်ချင်း
ငါတို့ရဲ့.....နံနက်ခင်းတွေကို
အတူတကွထုဆစ်ကြစို့။ 

လေးစားစွာဖြင့်..
Min Thu (EP 99)
ရက်စွဲ: 18-11-11

No comments:

Post a Comment