Friday, 23 December 2011

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား၏ ၀င်ငွေအပေါ်စည်းကြပ်ကောက်ခံသောအခွန်အား ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သတင်းထုတ်ပြန်


ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ၏ ၀င်ငွေအပေါ် စည်းကြပ်ကောက်ခံသော အခွန်အား ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ ဒီဇင်ဘာလ ၂၁ရက်နေ့က သတင်းထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်အရ ပြည်ပနေနိုင်ငံသားများက နိုင်ငံခြားငွေဖြင့် ရရှိသည့်လစာခေါင်းစဉ်အောက်ရှိ ၀င်ငွေစုစုပေါင်းအပေါ်ရရှိသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန်ကို ၀င်ငွေခွန်ဥပဒေပုဒ်မ-၅၊ပုဒ်မခွဲ(ခ)အရ ကင်းလွတ်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။



''အခုဟာက နိုင်ငံခြားကနေ နိုင်ငံခြားငွေနဲ့ ပြည်တွင်းကိုလွှဲတဲ့ လစာငွေတွေအပေါ် ကောက်ခံတဲ့ဝင်ငွေခွန်ကို ကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ သိရတယ်။ ဒါကြောင့် နောက်ပိုင်းကျရင် ဟွန်တီပါပျောက်လာလိမ့်မယ်လို့ ယူဆရတယ်'' ဟု လည်း စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

''ဒီလို အခွန်လျော့ချလိုက်တော့ နိုင်ငံတော်ဝင်ငွေလျော့သွားပေမယ့် နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေအတွက် ကောင်းတယ်။ နိုင်ငံခြားနဲ့ တရားဝင်ငွေလွှဲတဲ့သူ များလာမယ်။ နိုင်ငံခြားငွေတွေလည်း တိုက်ရိုက် ၀င်လာနိုင်တယ်။ နိုင်ငံခြားကနေ ဘဏ်နဲ့ချိတ်ပြီး တိုက်ရိုက်ငွေလွှဲတာတွေ ရှိလာမယ်။ဒီအတွက် ဘဏ်လုပ်ငန်းတွေ ဖွံ့ဖြိုးလာမယ်။ အခုဆိုရင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံတွေမှာလည်း မြန်မနိုင်ငံက MFTB,MICB အစရှိတဲ့ ဘဏ်ခွဲတွေ ဖွင့်မယ်ဆိုတာလည်း ကြားသိရတယ်ဆိုတော့ ပိုအဆင်ပြေသွား နိုင်တယ်။ နောက်ပိုင်းဆိုရင် နိုင်ငံခြား ဘဏ်လုပ်ငန်းတွေလည်း ဖွင့်ပေးတော့မှာဆိုတော့ ငွေလွှဲတဲ့ကိစ္စတွေ အဆင်ပြေမှာပါ'' ဟုလည်း စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ကင်းလွတ်ခွင့်ပြုခြင်းကို ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက် မည်ဖြစ်ကြောင်းနှင့် အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် မည်သည့်နေ့မှ မည်သည့်နေ့အထိ ခွင့်ပြုသည်ဆိုသည့် ကန့်သတ်ချက် မပါ၀င်ကြောင်းလည်း သိရှိရသည်။

ထုတ်ပြန်ချက်တွင်ပါ၀င် သော အကြောင်းအရာအရ ပြည်ပ၌ ၁၈၃ ရက်နှင့်အထက် နေထိုင်ခဲ့ပြီး အလုပ် လုပ်ကိုင်နေသူများ၏ လစာဝင်ငွေ အပေါ်ကောက်ခံသောဝင်ငွေခွန်ကို ဆိုလိုခြင်းဖြစ်ကြောင်း သိရှိရသည်။ ပြည်တွင်း Weekly Eleven ဂျာနယ်သတင်းကိုဖော်ပြခြင်းဖြစ်ပါသည်။

http://www.weeklyeleven.com/index.php?option=com_content&view=article&id=11610:2011-12-22-09-24-59&catid=42:2009-11-10-07-36-59&Itemid=112

No comments:

Post a Comment