Wednesday, 17 September 2008

ကျောင်းသားဘဝ


၁၉၉၈-၉၉ ခုနှစ်လောက်တုန်းက ကျွန်တော်တို့ သူငယ်ချင်းတစ်စု ကဗျာစာအုပ်လေး တစ်အုပ်လောက် အမှတ်တရ ထုတ်မယ်လို့ စဉ်းစားပြီး စာမူတွေ လိုက်စုခဲ့ပါတယ်။ ဘာပဲလုပ်လုပ် အားလုံးပါစေချင်တဲ့စိတ်က ရှိနေတော့ မေဂျာတိုင်း အခန်းတိုင်း သွားပြီးတော့ ကဗျာစာမူတွေ ရေးကြဖို့လိုက်ကြေငြာရင်းနဲ့ ဆရာကြီး ဦးဌေးအောင် ကြားသွားတယ်။ ကျွန်တော်တို့ကိုခေါ်ပြီး‘မင်းတို့စာအုပ် မရိုက်ခင် ငါ့ကို ပြ’ လို့ခေါ်ပြော ပါလေရော။
ဒီလိုနဲ့ ကဗျာတွေ ဆရာကြီးကိုပြ၊ ဆရာကြီးက စီစစ်ရေးလုပ်၊ ပြီးတော့မှ စာအုပ်ရိုက်ဖို့ စီစဉ်ရတယ်။ နာမည်ကို ‘ကျောင်းတော်ရင်ခွင်’ လို့ ရိုးရိုးလေးပဲ ပေးလိုက်ကြတယ်။


စာစီစာရိုက်နဲ့ ဒီဇိုင်းကိုတော့ မုဒုံက သူငယ်ချင်းတစ်ယောက် (နာမည်က ကိုဖုန်းလို့ထင်တယ်)က ကူညီပေးတယ်။ စာအုပ်အဖုံးမှာ ကျောင်းအဝင် မြေနီလမ်းလေး ပုံနဲ့ ရွှေဟင်္သာ ခန်းမကို နောက်ခံထားပြီး ဒီဇိုင်းပုံဖော်ထားတယ်။

ကဗျာအဆင့်အတန်းအရ တန်းမဝင်ပေမယ့် အတိုင်းတာတစ်ခုထိတော့ ကျေနပ်ခဲ့တယ်။ စာရင်းချုပ်တော့ အရှုံး၊ ဒါပေမယ့် ကျွန်တော်တို့ ကျေကျေနပ်နပ်ကြီးကို ပြုံးခဲ့ကြတယ်။ (ရှုံးမှာပေါ့ စာအုပ်ကြွေးတောင်းလို့ မရတဲ့ သူငယ်ချင်းတွေမှ အများကြီး။)

ဒီပိုစ့်လေးရေးမလို့ လုပ်တော့ မှတ်မှတ်ရရ ခေါင်းထဲကို ကဗျာတစ်ပုဒ်က ပြေးဝင်လာတယ်။ ကဗျာရေးသူကိုတော့ မသိဘူး(ကျွန်တော်တို့ စီနီယာထင်တယ်) ဘယ်မေဂျာလည်း မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဂျီတီအိုင် ကျောင်းသားဘဝကို အပီပြင်ဆုံး ထင်ဟပ်စေတဲ့ ဒီကဗျာကို အမြဲတမ်း အလွတ်ရနေခဲ့တယ်။ လမကုန်ခင် အမြဲ အရင်ကုန်တတ်တဲ့၊ လဆန်းတိုင်း လည်ပင်းရှည်ထွက်အောင် မျှော်ရတဲ့ Money Order ခေါ် ငွေလွှဲ၊ ကျွန်တော်တို့ အခေါ် M.O နဲ့ ကျောင်းသားဘဝ အစိတ်အပိုင်းများစွာ တွဲလျှက် မှတ်မှတ်ရရ ရှိနေတတ်တယ်။


အခုတော့ ဒီကဗျာလေးနဲ့ ကျောင်းသားဘဝကို သမင်လည်ပြန် ပြန်လည်လွမ်းမိပါတယ်။


‘M.O ရောက်ပြီ
မောင်မောင်ကြည်ကွ’
ပျော်ရ ရွှင်ရ
မကြာလှပါ
ထမင်းဖိုးပေး
အဆောင်ကြေးနှင့်
ဆပ်ရကြွေးတွေ များလှစွာ
ကျောင်းလခတောင်
ကျန်တော့ဘူးဗျ….
ကျန်တော့ဘူး။   ။

(မောင်မောင်ကြည်)


P.S/ (ကိုမောင်မောင်ကြည်ခင်ဗျာ… စာမူခအနေနဲ့ ရခိုင်ကုန်း ကုန်းထိပ်က ဆိုင်မှာ ဘီအီး အဝတိုက်ပါမယ်ဗျာ။ ခင်ဗျာပေါင်ခဲ့တဲ့ ကယ်ကူလေတာလည်း ‘လာပြန်ရွေးပါဦးတဲ့’ စျေးထဲက မှာလိုက်တယ်။)

No comments:

Post a Comment